About Me

header ads

တရုတခြေလှမ်းသစ်/ရခိုင်အမျိုးသားရေး


  

တရုတ်၏ ခြေလှမ်းသစ်နှင့် မြန်မာ့လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍ- ရခိုင်အမျိုးသားရေးနှင့် မျှော်လင့်ချက်အလားအလာ

ယနေ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် ဒေသတွင်း တည်ငြိမ်ရေးကိုပါ ရိုက်ခတ်လာသည်နှင့်အမျှ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံ ဗျူဟာများမှာ ယခင်ကထက် ပိုမိုနက်ရှိုင်းပြီး လက်တွေ့ကျလာသည်ကို တွေ့ရပါသည်။ အထူးသဖြင့် မြန်မာ့လက်နက်ကိုင် အဖွဲ့အစည်းကြီးများ (EAOs) နှင့် တစ်ဖွဲ့ချင်းစီအလိုက် သီးသန့်ခွဲ၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခြင်းမှာ တရုတ်၏ မဟာဗျူဟာမြောက် ပြောင်းလဲမှုတစ်ခုပင် ဖြစ်သည်။

တရုတ်အနေဖြင့် ဤကဲ့သို့ တစ်ဖွဲ့ချင်းစီ သီးသန့်တွေ့ဆုံရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးချင်းစီ၏ "နှုတ်ရည် နှင့် နှလုံးရည်" မည်မျှရှိသည်ကို အနီးကပ် အကဲခတ်လိုခြင်းကြောင့် ဖြစ်သည်။ နိုင်ငံရေး အခင်းအကျင်းသစ်တွင် အဆိုပါ ခေါင်းဆောင်များသည် မိမိတို့ဒေသကို မည်သို့ စီမံခန့်ခွဲနိုင်စွမ်း ရှိသနည်း၊ မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုတွင် မည်မျှ အဆင့်ရှိသနည်း နှင့် ကတိကဝတ်များအပေါ် မည်မျှ တည်ကြည်သနည်း ဆိုသည်ကို တရုတ်တို့က တိုက်ရိုက် တိုင်းတာလိုခြင်း ဖြစ်သည်။

ဤတွေ့ဆုံမှုများမှတစ်ဆင့် မည်သည့်အဖွဲ့သည် မိမိတို့၏ ရေရှည်စီမံကိန်းများအတွက် "အကျိုးတူ မိတ်ဖက်" အဖြစ် လက်တွဲသင့်သနည်း ဆိုသည်ကို ခွဲခြားစိတ်ဖြာပြီး ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲ လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အခြားထူးခြားသည့်အချက်မှာ တရုတ်နိုင်ငံသည် ယခင်က အဓိက ဆက်ဆံခဲ့သည့် စစ်ကော်မရှင်အုပ်စုနှင့် အခြားသော လက်နက်ကိုင်အဖွဲ့များကို "Level တူ" (အဆင့်တူ) ဆက်ဆံသည့် သဘောမျိုး ပြသလာခြင်း ဖြစ်သည်။ ၎င်းသည် စစ်ကော်မရှင် ၏ ထိန်းချုပ်နိုင်စွမ်းအပေါ် တရုတ်၏ ယုံကြည်မှု လျော့နည်းလာသည်ကို ထင်ဟပ်စေသည်။

နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သည့် စစ်ကော်မရှင်အုပ်စုအပေါ် တရုတ်နိုင်ငံအနေဖြင့် စိတ်ပျက်မှု ပေါင်းမြောက်များစွာ ရှိနေပါသည်။ နယ်စပ်ဒေသ တည်ငြိမ်ရေး ပျက်ပြားခြင်း၊ "ကျားဖြန့်" အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ထိရောက်စွာ မနှိမ်နင်းနိုင်ခြင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် မဟာဗျူဟာမြောက် စီမံကိန်းများကို ကာကွယ်ပေးနိုင်စွမ်း မရှိခြင်းတို့ကြောင့် တရုတ်တို့က အခြားသော အင်အားစုများကို အလေးထား ရှာဖွေလာရခြင်း ဖြစ်သည်။

ဤကဲ့သို့သော နိုင်ငံတကာနှင့် ဒေသတွင်း ဆက်ဆံရေး အပြောင်းအလဲများကြားတွင် ULA/AA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော်) ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာပါသည်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကဲ့သို့သော တရုတ်၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်းကြောင့် တရုတ်အနေဖြင့် ULA/AA ကို အရေးကြီးသော အင်အားစုတစ်ခုအဖြစ် ရှုမြင်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။

လာမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် ULA/AA အနေဖြင့် ရခိုင်ပြည်သူလူထု၏ ဆန္ဒနှင့်အညီ မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဟု ယူဆရပါသည်။ တရုတ်နိုင်ငံကဲ့သို့ အိမ်နီးချင်း အင်အားကြီးနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် ရခိုင်အမျိုးသားရေးအတွက် အကျိုးအမြတ်အများဆုံးဖြစ်စေမည့် ရလဒ်များ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မည့် သံတမန်ရေးရာ အောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

တရုတ်နိုင်ငံ၏ မြန်မာ့အရေး ချဉ်းကပ်ပုံသည် စစ်ကော်မရှင် တစ်ခုတည်းအပေါ် အားကိုးခြင်းမှသည် လက်တွေ့ အင်အားရှိသော အဖွဲ့အစည်းများနှင့် တန်းတူ ဆက်ဆံခြင်းသို့ ကူးပြောင်းလာပြီ ဖြစ်ရာ၊ ဤအပြောင်းအလဲသည် ULA/AA ကဲ့သို့သော အဖွဲ့အစည်းများအတွက် မိမိတို့ အမျိုးသားရေး ရည်မှန်းချက်ကို ကမ္ဘာ့အဆင့်တွင် ခိုင်မာစွာ ချပြနိုင်မည့် အခွင့်အရေးပင် ဖြစ်ပါတော့သည်။

Link>>>SENAI UPDATES  

Post a Comment

0 Comments