ဝိဝါဒကွဲပြားဖွယ်ရာ အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးကို ပြပါဆိုရင်
"ဂဠုန်ဦးစော" ကို ချန်လှပ်ထားလို့မရပါဘူး...။
သူဟာ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သလို
တစ်ဖက်မှာလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံဖို့ နောက်ကွယ်ကနေ
အဓိက ကြိုးကိုင်ခဲ့သူအဖြစ် သမိုင်းတွင်ခဲ့သူပါ...။
ဂဠုန်ဦးစောကို ၁၉၀၀ ပြည့်နှစ် ၊ မတ်လ (၁၆) ရက်နေ့
အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးရွာမှာ မွေးဖွားခဲ့ပါတယ်။
ပညာရေးအနေနဲ့ ကြို့ပင်ကောက်မြို့
ရိုမန်ကက်သလစ် သာသနာပြုကျောင်းမှာ
သတ္တမတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပါတယ်။
အဲဒီနောက်မှာ အင်္ဂလိပ်စာကို ကာလကတ္တားမြို့အထိ
သွားရောက် သင်ကြားခဲ့ပြီး ၁၉၂၇ ခုနှစ်မှာ
တတိယတန်းရှေ့နေ စာမေးပွဲ အောင်မြင်ကာ ရှေ့နေဖြစ်လာခဲ့ပါတယ်။
ပြီးတော့ ၁၉၂၇ ၊ ၁၉၂၉ ခုနှစ် ဒိုင်အာခီ ရွေးကောက်ပွဲတွေမှာ
သာယာဝတီတောင်ပိုင်း အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။
၁၉၃၀ ပြည့်နှစ် ဆရာစံရဲ့ ဂဠုန် တောင်သူလယ်သမား အရေးတော်ပုံ ပေါ်ပေါက်လာတဲ့အခါမှာတော့ .... ဦးစောဟာ ဆရာစံနဲ့ တောင်သူလယ်သမားတွေ ဘက်ကနေ ရဲရဲဝံ့ဝံ့ ရှေ့နေလိုက်ပေးခဲ့ပါတယ်။
ဥပဒေပြုလွှတ်တော် အစည်းအဝေးတွေမှာလည်း
ဆရာစံရဲ့ တောင်သူလယ်သမားပုန်ကန်မှုကို ဗြိတိသျှအစိုးရရဲ့
အရေးယူ ဆောင်ရွက်ပုံနဲ့ပက်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ဒါကြောင့် ထိုစဉ်က ပြည်ထဲရေးအတွင်းဝန်
“မစ္စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) က ဦးစောအား
“မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ
“ဂဠုန်ဦးစော”ဆိုတဲ့ အမည်တွင်လာခဲ့တာပါ။
အဲဒီအချိန်ကစပြီး သူရဲ့ အမာခံနယ်မြေဖြစ်တဲ့
သာယာဝတီမှာ "ဂဠုန်ဦးစော" ဟာ ဩဇာကြီးမားလာပါတယ်။
ဦးစောဟာ အလွန်ပါးနပ်တဲ့ နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။
ဥပမာ - ဦးစောဟာ "မျိုးချစ်ပါတီ"ကို တည်ထောင်ခဲ့ပြီးတော့
ဗြိတိသျှတို့ရဲ့ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်အတွင်းမှာ
ရာထူးရအောင် ကြိုးပမ်းခဲ့ပါတယ်။
ဒါကြောင့် ၁၉၄၀ ပြည့်နှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဉ်အတွင်းမှာပဲ
ဦးစောဟာ ဗမာပြည်ရဲ့ တတိယမြောက် နန်းရင်းဝန် ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ၁၉၄၁ ခုနှစ်မှာ
ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ ထံ သွားရောက်ခဲ့ပြီး
မြန်မာပြည်ကို "ဒိုမီနီယံ အဆင့်" (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ပေးရန်
တောင်းဆိုခဲ့သည်။ ဒါပေမယ့် ဦးစောရဲ့ တောင်းဆိုချက်ကို
ချာချီက လက်မခံခဲ့ပါဘူး။
ဒီလို ဗြိတိန်ဝန်ကြီးချုပ် ချာချီရဲ့ ငြင်းပယ်မှုကို ခံရပြီးတဲ့နောက်
စိတ်ပျက်သွားတဲ့ ဦးစောဟာ.... "လွတ်လပ်ရေးအတွက် ဗြိတိန်ကိုသာ အားကိုးနေလို့မရတော့ဘူး" လို့ ယူဆတာကြောင့် အင်္ဂလန်မှအပြန်
ဂျပန်တွေနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့ပါတယ်...။
ယခုလို ဂျပန်နှင့် ဆက်သွယ်တာကို
ဗြိတိသျှ ထောက်လှမ်းရေးတွေက သိရှိသွားတာကြောင့်
ဦးစောကို ပါလက်စတိုင်း (ယခု အစ္စရေးဒေသ) မှာ ဖမ်းဆီးလိုက်ပြီးတော့
ယူဂန်ဒါနိုင်ငံသို့ ပို့ဆောင်လိုက်ကာ ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံး ထိန်းသိမ်းထားခဲ့ပါတယ်။
ကမ္ဘာစစ်ကြီးပြီးတဲ့နောက် ၁၉၄၆ ခုနှစ်လောက်မှ
ဦးစောဟာ မြန်မာပြည်ထဲကို ပြန်လည်ရောက်ရှိလာခဲ့ရတာပါ...။
အဲဒီအချိန် ဗမာပြည်နိုင်ငံရေးမှာ
ဖဆပလ (AFPFL) အဖွဲ့ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ
ပြည်သူ့ထောက်ခံမှုကို အလုံးအရင်း ရရှိနေပြီလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဦးစောဟာ သူ့ရဲ့ ယခင် နန်းရင်းဝန် အာဏာဟောင်းကို
ပြန်လည်ရယူလိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးသြဇာကို
ဘယ်လိုမှ မယှဥ်နိုင်ခဲ့ပါဘူး။
၁၉၄၇ ခုနှစ်မှာ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုဖို့အတွက်
ဗိုလ်ချုပ်အောင်ဆန်းတို့ လန်ဒန်ကိုသွားရောက်ရာမှာ
ဦးစောလည်း လိုက်ပါသွားခဲ့ပါတယ်။
ဒါပေမယ့် ဦးစောဟာ လက်မှတ်မထိုးခဲ့ဘဲ
အောင်ဆန်း-အက်တလီစာချုပ်ကို ကန့်ကွက်ခဲ့ပါတယ်။
အဆိုပါ စာချုပ်ဟာ အင်္ဂလိပ်ကို အလျော့ပေး လိုက်လျောလွန်းတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို
နယ်ချဲ့လက်ပါးစေလို့ စွပ်စွဲပြီး ပြည်သူ့အကြည်ညိုပျက်အောင်
လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဦးစောရဲ့ တိုက်ခိုက်မှုတွေက အရာမထင်ခဲ့ပါဘူး။
အဲဒီနောက် ၁၉၄၇ ခုနှစ် ၊ ဧပြီလ ရွေးကောက်ပွဲမှာ
ဦးစောရဲ့ မျိုးချစ်ပါတီက အပြတ်အသတ် ရှုံးနိမ့်သွားခြင်းကပဲ
သူ့ရဲ့ အစွန်းရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်စေခဲ့ပါတယ်။
အဲဒါကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို
ဘယ်လိုမှ မယှဥ်နိုင်မှန်း သိသွားတာကြောင့် ပဒေသရာဇ်ဆန်ဆန် အကြမ်းဖက်ပြီး အာဏာလုယူဖို့ ကြိုးစားလိုက်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် ၊ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ
ဦးစောရဲ့ စေခိုင်းမှုနဲ့ လူသ-တ်သမားတွေဟာ
အတွင်းဝန်များရုံးအတွင်းကို ဝင်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့
အစိုးရအဖွဲ့ဝင်တွေကို ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။
လုပ်ကြံမှုအပြီး နာရီပိုင်းအတွင်းမှာပင်
ဦးစောကို သူရဲ့ နေအိမ် (အင်းလျားကန်ဘေးရှိ မဟာဂီရိ ဂေဟာ) မှာ လက်နက်များနဲ့တကွ ဖမ်းဆီးရမိခဲ့ပါတယ်။
ထို့နောက် ဦးစောနဲ့ အပေါင်းအပါတွေကို
တရားရုံးမှာ စစ်ဆေးပြီး.... ဦးစောကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့ အင်းစိန်ထောင်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်....။
ဦးစောဟာ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့
မျိုးချစ်တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း ၊ အာဏာမက်မောမှု နဲ့
ပုဂ္ဂိုလ်ရေး မနာလိုမှုတို့ကြောင့် ... မိမိနိုင်ငံရဲ့ အနာဂတ်ကို
ဖျက်ဆီးခဲ့မိသူပဲ ဖြစ်ပါတယ်။
ပြီးတော့ "အာဏာဟာ လူတစ်ယောက်ရဲ့ အမှား ၊ အမှန်ကို ဝေဖန်သုံးသပ်ဆင်ခြင်နိုင်တဲ့ အသိဉာဏ်ကို အမှောင်ဖုံးစေတတ်ကြောင်း" ဦးစောဟာ
အကောင်းဆုံး သက်သေသာဓကပဲ ဖြစ်ပါတယ်။
#ဦးစော #နိုင်ငံတော်လုပ်ကြံမှု
မူရင်းပို့စ်အတွက် ဤနေရာကိုနှိပ်ပါ။


0 Comments