ပလောင်သမိုင်း အပိုင်း (၁၆)
တအန်းတို့ဌာနီသို့ ယွန်းဗုဒ္ဓဘာသာ ပျံ့နှံ့ဝင်ရောက်ခြင်း
တအန်းဒေသ၏
ယွန်းဗုဒ္ဓဘာသာယဉ်ကျေးမှုကို လေ့လာကြည့်သော် လွန်ခဲ့သော နှစ်ပေါင်း
(၄၀၀)ကျော်ခန့်လောက်ကတည်းက စတင်အမြစ်တွယ်ခဲ့ကြောင်း တွေ့ရသည်။
ယောနရဠတိုင်း၊
ယွန်းရှမ်းတို့ဌာနီ၊ ချင်းမိုင်ခရိုင် (ဇင်းမယ်)နှင့် လန်နား(ခ)
ချင်းရိုင်းခရိုင် (လင်းဇင်)မှ ယွန်းဗုဒ္ဓဘာသာ သာသနာပြု ဆရာတော် ဖြစ်ကြသော
အရှင်ယောနကမ္ဘီ၊ အရှင်ယောနကမ္မိန္န၊ အရှင်ယောနသိဒ္ဓိနှင့် အရှင်ယောနသီ
စသည့် မထေရ်တို့သည် ကျိုင်းတုံနယ်လမ်းကြောင်းဖြင့် လားရှိုး၊
သိန္နီနယ်မှတစ်ဆင့် ဝင်ရောက်လာခဲ့ကြသည်။
ထို့နောက်စယ်ကောဝ်(ခ) ဒုတိယ ရာမ္မဝတီပြည်ကို ဗဟိုပြု၍ သာသနာပြုခဲ့ကြရာ
မန်တုန်မြို့နယ် (ရူကော)၊ နမ့်ဆန်မြို့နယ် (အုမ်းရောက်)နှင့်
ကျောက်မဲမြို့နယ်ဒေသများသို့ပါ ပျံ့နှံ့ရောက်ရှိခဲ့လေသည်။
တချို့သော
နေရာဒေသများတွင် ယွန်းဗုဒ္ဓဘာသာမှာ ယနေ့ထက်တိုင် တည်တံ့နေဆဲဖြစ်ကြောင်း
တွေ့မြင်နေရသည်။ သာသနာပြု ရဟန်းတော်တို့ တည်ထားကိုးကွယ်ခဲ့သော
ဘုရားငါးဆူဘုရားသည် မန်တုန်မြို့နယ်၊ စယ်ကောဝ်ကျေးရွာ၌ ရှေးထိုင်းလက်ရာ
ပုံစံဖြင့် ယနေ့တိုင် ကြည်ညိုသပ္ပာယ်ဖွယ် ဖူးတွေ့နိုင်သည်။ အထူးသဖြင့်
ရူကွမ်း၊ ရူကော၊ ရူခန့်၊ ရူမာဝ်း၊ ရူမဲ(ရူမျဲ)၊ ရူနောက်၊ ရူဟော့၊ ရူလုံး၊
ရူလိုင်းနှင့် ရူစိင်စသည့် မျိုးနွယ်စုတို့ထဲတွင် ယွန်းဗုဒ္ဓဘာသာ
အပျံ့နှံ့ဆုံး တွေ့ရသည်။
အများအားဖြင့်
ရှမ်းမျိုးနွယ်စုများသည် တာလိဖုအိုင်ဒေသတွင် နေထိုင်စဉ်က
မြောက်ပိုင်းဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခဲ့ပြီး ဖြစ်သော်လည်း
တောင်ပိုင်းဒေသသို့ ဝင်ရောက်အခြေချလာသောအခါ ရှမ်းမျိုးနွယ်စုထဲမှ
ယွန်းလူမျိုးတို့သည် မြောက်ပိုင်းဗုဒ္ဓဘာသာနှင့်
တောင်ပိုင်းဗုဒ္ဓဘာသာတို့ကို ပေါင်းစပ်၍ ယွန်းမှုပြုပြီး ယွန်းဗုဒ္ဓဘာသာမှာ
အရှေ့တောင်အာရှတလွှားတွင် ထွန်းကားပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့်
ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ မြန်မာနိုင်ငံမြောက်ပိုင်းနှင့်
အရှေ့ပိုင်းဒေသ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင်ပိုင်းဒေသတို့တွင်
ပျံ့နှံ့လျက်ရှိသည်။
သိန္နီစော်ဘွား
စောလုံခမ်းဆိုင် ဖလက်ထက် အေဒီ ၁၅၂၃ ခုနှစ်မှ ၁၅၄၂ ခုနှစ်အထိ
ယွန်းတိုင်းပြည်မှ သာသနာပြု ရဟန်းတစ်ပါးဖြစ်သော
“အရှင်ဉာဏဂမ္ဘီမထေရ်မြတ်”နှင့်အတူ တပည့်(၁၀)ပါးတို့သည် ခေမာရဠ
(ခ)ကျိုင်းတုံမှတစ်ဆင့် သိန္နီမြို့သို့ သာသနာပြုရန် ကြွရောက်ခဲ့ကြောင်း၊
ယွန်းစာကို အခြေခံ၍ ဗျည်း(၃၃)လုံးပါသည့် ရှမ်းအက္ခရာကိုလည်း
တီထွင်ပေးတော်မူခဲ့ကြောင်း၊ ဆရာတော်သည် ယိုးဒယားသို့ မပြန်တော့ဘဲ
ပျံလွန်တော်မူသည်အထိ သိန္နီမြို့တွင် ဆက်လက်၍ သာသနာတော်ကို
ပြုစုတော်မူခဲ့ကြောင်း ရှမ်းသမိုင်းတွင် ရေးသားဖော်ပြထားသည်။
အထက်ပါ
တအန်းဒေသ ဒုတိယရာမ္မဝတီပြည်၊ စယ်ကောဝ်ဒေသသို့ ကြွရောက်သာသနာပြုသော
မထေရ်တို့မှာ ဆရာတော် အရှင်ဉာဏဂမ္ဘီရမထေရ်၏ တပည့်ရင်းများ ဖြစ်ကြသည်။
နောက်ပိုင်းတွင် ရှင်သာမဏေ နှစ်ပါးဖြစ်ကြသော ရှင်ဉတ္တမံတို့
ထပ်မံရောက်ရှိလာသဖြင့် သာသနာပြုရဟန်းများ စုစုပေါင်း(၆)ပါး ဖြစ်လာလေသည်။
ထို့ကြောင့်
ယွန်းဂိုဏ်းဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဘုရားမရှိခိုးမီ
သာသနာပြုဆရာသမားများအား အာစရိယဂုဏ်တို့ကို ချီးမွမ်းသောအားဖြင့် ယာနကမ်ဖိ၊
ယာနကမ်ပိန်၊ ယာနဆီထိ၊ ယာနဆိထေရ်၊ ဉတ္တမံ အစချီ၍ အမွှမ်းတင်ချီးကျူးပြီးမှ
ဘုရားရှိခိုးလေ့ရှိကြသည်။
ယွန်းရှမ်းအက္ခရာ
(ဝါ) မိန်းအက္ခရာ (A Laotain race’s literary Language) သည် အေဒီ ၉၅၇
ခုနှစ်ခန့်တွင် မွန်ဒွါရဝတီခေတ်နှင့် ခမာတို့၏စာကို အခြေခံပြီး
ယိုးဒယားမြောက်ပိုင်း ကျိုင်းသေဉ် (ခ)ယေနကတိုင်း (ခ) ယောနရဠတိုင်း
(ခ)ဒုတိယယောနကတိုင်းတွင် လာရောက် ထွန်းကားခြင်းဖြစ်သည်။ ထိုင်းစာပေသည်
ယွန်းစာပေထက် နှစ်ပေါင်း(၂၀၀) ခန့်နောက်ကျသည်။
ဆုခေါထိုင်း၏
ဒုတိယမင်းဆက် “ဘုရာရာမဂါမဟိ” ဖြစ်သူက ပလ္လဝနှင့် ဗြဟ္မီအက္ခရာကို
အခြေခံထားသော ခမာတို့၏စာပေကို မှီငြမ်း၍ အေဒီ ၁၂၈၃ ခုနှစ်တွင်
ထိုင်းအက္ခရာကို တီထွင်ခြင်းဖြစ်သည်။ ယိုးဒယားနိုင်ငံအလယ်ပိုင်း၌
ထိုင်းလူမျိုးတို့သည် အေဒီ (၁၃)ရာစုခန့်က သုဒေါဒယနိုင်ငံကို ထူထောင်သည်။
ခရစ်နှစ် ၁၂၈၃ ခုနှစ်က ထိုင်းဘုရင် ရာမဂါမှဲင် ရေးထိုးထားသော ကျောက်စာကို
တွေ့ခဲ့ရရာ ထိုကျောက်စာကို ရှမ်းသို့မဟုတ် ထဲတို့၏ ရှေးအကျဆုံးစာပေဟု
ခေါ်နိုင်သည်။
ယွန်းလူမျိုးသည်
ရှမ်းမျိုးနွယ်စုထဲမှ လူမျိုးစုတစ်စုဖြစ်ပြီး ထိုင်းနိုင်ငံ
အထက်ပိုင်းဒေသတွင် ထိုင်းလူမျိုးထက် စောစီးစွာ ဝင်ရောက်အခြေချသော
လူမျိုးဖြစ်သည်။ ယွန်းလူမျိုးများနှင့်အတူ ယွန်းဘာသာစာပေဖြင့် ရေးသားထားသော
ဗုဒ္ဓစာပေကျမ်းဂန်များလည်း အေဒီ(၁၂)ရာစုမှ အေဒီ (၁၆)ရာစုအထိ ထိုင်းနိုင်ငံ
မြောက်ပိုင်း ယေနက (ခ)ဒုတိယယောနကတိုင်း ချင်းမိုင်၊ ချင်းရိုင်နှင့်
ကျိုင်းတုံဒေသမှတစ်ဆင့် အရှေ့တောင်အာရှတလွှား ထွန်းကားခဲ့သည်။
သို့ရာတွင် အေဒီ(၁၇)ရာစုမှ စတင်ပြီး ထိုင်းလူမျိုးတို့၏ လွှမ်းမိုးမှုကို
လုံးဝဉဿုံ ခံခဲ့ကြရသည့်အတွက် ယခုအခါ ယွန်းလူမျိုးအနည်းငယ်ကို
ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်ခရိုင် တောင်ပေါ်ဒေသတွင်
ရှမ်းကလောလူမျိုးအဖြစ် မထင်မရှားသာ တွေ့ရပေတော့သည်။
ယွန်းဗုဒ္ဓစာပေကိုလည်း
ထိုင်းနိုင်ငံတွင် မတွေ့ရှိရတော့ဘဲ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နှင့်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင်ပိုင်း၊ တေ့ဟုန်စွေ့ဒေသ၊
ဆစ်ဆောင်ပိုင်နားဒေသရှိ ရှမ်းလူမျိုး၊ တအန်းလူမျိုး ၊ဝလူမျိုးတို့ အတွင်း၌
အနည်းငယ်မျှ ကျန်ရစ်နေသည်ကိုသာ တွေ့ရသည်။
ရှမ်းမြောက်ဒေသနှင့် EAOs သမိုင်းလေ့လာစုစည်းနေသူ
MMSL Tsa Lum
14/5/2026
Crd to မိုင်းအိုက်ကော် ( မူရင်းစာရေးသူ )


0 Comments