About Me

header ads

အနောက်အရပ်ပြန် ရဲဘော်သုံးကျိပ်


 

 လေထီးစစ်သည်များ (သို့) အနောက်အရပ်ပြန် ရဲဘော်သုံးကျိပ်

မြန်မာပြည်ထဲကို ဂျပန်တပ်တွေ ဝင်လာပြီးတဲ့နောက်
ဗြိတိသျှအစိုးရက လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့
မြေအောက်ခေါင်းဆောင်တွေ တွေ့ဆုံရာကနေ ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

ဥပမာ - မန္တလေးထောင်က လွတ်လာတဲ့ သခင်နုနဲ့ သခင်စိုးတို့ဟာ
သခင်သိန်းဖေ ခေါ် သိန်းဖေမြင့် ၊ ကိုကျော်ငြိမ်း စတဲ့ မြေအောက် လှုပ်ရှားမှု ခေါင်းဆောင်တွေနဲ့ တွေ့ဆုံးခဲ့ကြပြီး တစုက ပြည်တွင်းမှာ ဂျပန်နဲ့ ပူးပေါင်းလှုပ်ရှားဖို့ ၊ နောက်တစုက ပြည်တွင်းမှာပဲ မြေအောက်လှုပ်ရှားမှု ဆက်လုပ်ဖို့နဲ့ နောက်ဆုံးတစုက အိန္ဒိယကိုသွားပြီး မဟာမိတ်တွေနဲ့ အဆက်အသွယ်ရယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...။

ကနဦး ဗြိတိသျှမဟာမိတ်တပ်တွေနဲ့ နိုင်ငံရေးအရ ချိတ်ဆက်ဖို့
ကြိုးပမ်းခဲ့သူကတော့ သခင်သိန်းဖေ (ခေါ်) သိန်းဖေမြင့်ပဲဖြစ်ပါတယ်။
သခင်သိန်းဖေ ဟာ ကျောက်ဆည် သခင်တင်ရွှေနဲ့အတူ
ရခိုင်ကနေတဆင့် အိန္ဒိယကို ဝင်ရောက်ဖို့ကြိုးစားခဲ့ပြီး လမ်းတစ်လျှောက်မှာ
ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်နေဝင်း နဲ့ ဗိုလ်လကျ်ာ စတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေက လျှို့ဝှက်ကူညီပေးခဲ့
ကြတယ်လို့ဆိုပါတယ်။

အိန္ဒိယကို ရောက်ကာစ အဖမ်းခံခဲ့ရပေမယ့် အဲဒီနောက်မှာ ပြန်လွှတ်ပေးခဲ့တာကြောင့်.... မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်
သခင်တင်ရွှေက မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ခဲ့ပြီးတော့
သခင်ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေးရဲဘော်တွေကို ခေါ်ဖို့
စတင်လုပ်ဆောင်ခဲ့ကြပါတယ်။

၁၉၄၃ ခုနှစ်နဲ့ ၁၉၄၄ ခုနှစ် အတွင်းမှာ တော်လှန်ရေးရဲဘော်တွေကို
အသုတ် (၃) သုတ်ခွဲပြီး အိန္ဒိယနိုင်ငံထဲကို စေလွှတ်နိုင်ခဲ့ကြပါတယ်။
ဂျပန်မှာ စစ်ပညာသွားသင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်နဲ့ မတူတဲ့အချက်ကတော့
ဒီအဖွဲ့ထဲမှာ အမျိုးသမီးစစ်သည်တစ်ဦး (သခင်မ မမြရီ) ပါဝင်ခဲ့တာပဲ
ဖြစ်ပါတယ်။

ဒီရဲဘော်တွေကို ကာလကတ္တားမှာ ထောက်လှမ်းရေး နဲ့ မြို့ပြပြောက်ကျား
စစ်ဗျူဟာတွေ ၊ ဝါယာလက် ဆက်သွယ်ရေး နည်းပညာတွေ သင်ကြားပေးပြီး အဲဒီနောက် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှာ လေထီးခုန်သင်တန်း နဲ့ အထူးစစ်ဆင်ရေးသင်တန်းတွေကို သင်ကြားပေးခဲ့ပါတယ်။

သူတို့ကို အဓိက သင်တန်းပေးခဲ့တာကတော့
ဗြိတိသျှတို့ရဲ့ SOE (Special Operations Executive) ရဲ့
အရှေ့တောင်အာရှဌာနခွဲ Force 136 ပဲ ဖြစ်ပါတယ်။

ဂျပန်ကို လျှို့ဝှက်သွားရောက်တဲ့ ရဲဘော်သုံးကျိပ်လိုပဲ
ဒီလေထီးစစ်သည်တွေမှာလည်း အသက်ဘေးနဲ့ကြုံရတဲ့ ဖြစ်ရပ်တွေကို
ရင်ဆိုင်ခဲ့ကြရပါတယ်။

ဥပမာ - မြန်မာပြည်ထဲကို လေထီးခုန်ဖို့ အိန္ဒိယကအထွက်မှာ
လေယာဥ်ပျက်ကျတာကြောင့် သခင်ဗိုလ် ၊ ဗိုလ်ဘသိန်း နဲ့ ဗိုလ်စောဦးတို့
ကျဆုံးသွားခဲ့ရပါတယ်။

ပြီးတော့ ဒေးဒရဲမှာ လေထီးဆင်းခဲ့တဲ့ ကိုဘသောင်းကို
ဂျပန်စစ်တပ်က ဖမ်းမိခဲ့တာကြောင့် ... မဟာမိတ်တပ်က ရဲစခန်းကိုဗုံးကြဲပြီး
ကိုဘသောင်းကို ကယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပြီး မန်းဝင်းမောင် (နောင် သမ္မတ) ကလည်း
လေထီးဆင်းချိန်မှာ ခြေထောက်တစ်ဖက် ဒဏ်ရာရခဲ့ပါသေးတယ်။

ဒီလေထီးစစ်သည်တွေဟာ ပြည်တွင်းကို လေထီးဆင်းခဲ့ကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖက်ဆစ်တော်လှန်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေကို ချိတ်ဆက်ပေးရာမှာ အဓိကကြတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

သူတို့ရဲ့ အဓိက တာဝန်ကတော့
ဂျပန်တပ်တွေရဲ့ လှုပ်ရှားမှု ၊ လက်နက်သိုလှောင်ရာနေရာ ၊ ရထားလမ်း နဲ့
ဆက်သွယ်ရေးစနစ်တွေကို ထောက်လှမ်းပြီး ဗြိတိသျှဘက်ကို Wireless နဲ့
သတင်းပေးပို့တာတွေ ၊ ပြည်တွင်းက ဖက်ဆစ်တော်လှန်ရေးအဖွဲ့နဲ့ မဟာမိတ်တပ်တွေကြား ချိတ်ဆက်ပေးတာတွေ ၊ လက်နက် ၊ ရေဒီယို ၊ ဆေးဝါး လက်ခံဖြန့်ဝေပေးတာတွေနဲ့ ဂျပန်တပ်တွေရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဖောက်ခွဲဖျက်ဆီးတာတွေကို လုပ်ဆောင်ကြပါတယ်...။

တကယ်တော့ ဒီလေထီးစစ်သည်အများစုဟာ
အာရှလူငယ် ၊ တို့ဗမာအစည်းအရုံး ၊ ကွန်မြူနစ် ၊ ဆိုရှယ်လစ် စတဲ့
အဖွဲ့အစည်းစုံ ဝါဒစုံက လူငယ်တွေပါသလို ဗိုလ်မှုးညိုထွန်း (မြန်မာပြည်ထဲကို ပထမဆုံး လေထီးဆင်းခဲ့သူ - ရခိုင်ပြည် ဖက်ဆစ်တော်လှန်ရေးကို ခေါင်းဆောင်သူ) ၊ ဦးစိန်ဒါး တို့လို ရခိုင်လူမျိုးတွေနဲ့ ချင်းလူမျိုး တွေလည်း ပါဝင်ကြပါတယ်။

ဝမ်းနည်းစရာကောင်းတာက လွတ်လပ်ရေးရပြီး ဆိုရှယ်လစ် နဲ့ ကွန်မြူနစ်
ညီညွှတ်ရေးပြိုကွဲပြီးတော့ ပြည်တွင်းစစ်ဖြစ်ရာမှာ ... လေထီးစစ်သည်တွေလည်း ဘက်တွေကွဲကုန်ပြီး အချင်းချင်းပြန်တိုက်ခဲ့ကြပါတယ်... ။

ဒါဟာ.... ဂျပန်မှာ လေ့ကျင့်ခဲ့တဲ့ ရဲသုံးသုံးကျိပ်ပြိုကွဲပုံနဲ့ အတူတူပါပဲ။

Link>>>#ရဲဘော်သုံးကျိပ် #သိန်းဖေမြင့် #မဟာမိတ် #ဖက်ဆစ်တော်လှန်ရေး

Post a Comment

0 Comments