About Me

header ads

လွတ်လပ်ရေးရခါစ မြန်မာစစ်တပ်

 


လွတ်လပ်ရေးရခါစ မြန်မာစစ်တပ်ဟာ
ဗြိတိသျှစစ်တပ်ရဲ့ နာမည်ကျော် "Regimental System" (တပ်ရင်းစနစ်) အတိုင်း ဖွဲ့စည်းထားတာပါ။

ဒီစနစ်က တပ်ရင်းတွေကို "လူမျိုးစု" အလိုက် ဖွဲ့စည်းထားတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဥပမာ - ဗြိတိသျှစစ်တပ်ရဲ့ တပ်ရင်းတွေကို အင်္ဂလိပ် ၊ စကော့တလန် ၊ ဝေလ နဲ့ အိုင်ယာလန် ဆိုတဲ့ လူမျိုးစုအလိုက် တပ်ရင်းတွေ တည်ထောင် ဖွဲ့စည်းထားတာပါ။ ပြောရမယ်ဆိုရင် ဗြိတိသျှစစ်တပ်က ဒီလူမျိုးစုတွေရဲ့
"ဒေသစွဲ နဲ့ မျိုးနွယ်စုစွဲ" တွေကို စစ်တိုက်ရာမှာ အားမာန်အဖြစ် ပြောင်းလဲပစ်
တဲ့ စနစ်လည်း ဖြစ်ပါတယ်။

ဗြိတိသျှစစ်တပ်ရဲ့ Royal Scots Dragoon Guards ဒါမှမဟုတ် Black Watch တပ်ရင်းတွေဟာ စကော့တလန်လူမျိုးတွေနဲ့ပဲ ဖွဲ့စည်းထားပြီး သူတို့ရဲ့ ရိုးရာ (စကော့စကတ်ဝတ်စုံ) နဲ့ အိတ်ပုလွေ (Bagpipes) တွေကို စစ်မြေပြင်အထိ ယူဆောင်ခွင့်ပေးထားပါတယ်။
ဝေလနှင့် အိုင်ယာလန်တပ်ရင်းတွေမှာလည်း Welsh Guards နဲ့
Irish Guards ဆိုပြီး သီးခြားစီ ရှိပါတယ်။
ဒီစနစ်ရဲ့ အားသာချက်ကတော့ စစ်သားတွေဟာ "ငါ့နိုင်ငံအတွက်" ဆိုတာထက် "ငါ့လူမျိုး၊ ငါ့ဒေသ၊ ငါ့တပ်ရင်းရဲ့ ဂုဏ်သိက္ခာအတွက်" ဆိုပြီး အသက်ပေးပြီး စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ကြတာပါ။

လွတ်လပ်ရေးရပြီးစ မြန်မာစစ်တပ်ကိုလည်း
ဗမာ့သေနတ်ကိုင်တပ်ရင်း ၊ ကရင် သေနတ်ကိုင်တပ်ရင်း ၊ ကချင် သေနတ်ကိုင် တပ်ရင်း ၊ ချင်း သေနတ်ကိုင် တပ်ရင်း စသဖြင့် လူမျိုးစုအလိုက် ဖွဲ့စည်းထားတာပါ။

၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲကြီးဖြစ်ပွားပြီးတဲ့နောက်မှာတော့
မြန်မာ့စစ်တပ်အတွင်းက အထူးတိုက်ခိုက်ရေး တပ်ရင်းကြီးတွေဖြစ်တဲ့
ကရင်သေနတ်ကိုင်တပ်ရင်း (Karen Rifles) ၃ ရင်း တောခိုသွားခဲ့ပါတယ်။ ဒါက အစိုးရနဲ့ မြန်မာစစ်တပ်ကို ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်စေခဲ့ပါတယ်။

အဲဒီနောက် စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်နေဝင်းက
ဒီစနစ်က အန္တရာယ်ရှိတယ်လို့ ယူဆခဲ့တာကြောင့် တပ်ရင်းတစ်ခုတည်းမှာပဲ ဗမာ၊ ကချင်၊ ချင်း စတဲ့ လူမျိုးပေါင်းစုံကို ရောနှောပြီး ဖွဲ့စည်းတဲ့
Mixed Battalion (ရောနှောတပ်) စနစ်ကို စတင်ခဲ့ပါတယ်။
ဒါက လူမျိုးစုတစ်ခုတည်းက တပ်ရင်းလိုက် တောခိုသွားတာမျိုး မဖြစ်အောင် ကာကွယ်လိုက်တဲ့ သဘောပါပဲ။

ပြီးတော့ ယခင်က လူမျိုးစုနာမည်တပ် တပ်ရင်းနာမည်တွေကို
ခြေလျင်တပ်ရင်း (Light Infantry Battalion - ခလရ) ဆိုတဲ့
အမည်တွေနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒါဟာ တပ်ရင်းလိုက်ပုန်ကန်မှုကို ကာကွယ်ရာမှာ ထိရောက်ခဲ့ပေမဲ့
ဗြိတိသျှစနစ်မှာရှိတဲ့ "လူမျိုးစုအလိုက် ဂုဏ်သိက္ခာနဲ့ အားမာန်" ကတော့ ပျောက်ဆုံးသွားခဲ့ရပါတယ်...။

နောက်ပြီး အဲဒီကာလအတွင်းမှာ မြန်မာစစ်တပ်ဟာ လူအင်အား အမြန်ရဖို့အတွက် ယခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ PVO (ရဲဘော်ဖြူ) ထဲက အစိုးရဘက်တော်သားတွေနဲ့ ဗမာလူငယ်အမြောက်အမြားကို စစ်ထဲသွင်းခဲ့ပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ဟာ လူနည်းစုတွေ ဦးဆောင်တဲ့တပ်ကနေ
"ဗမာအများစု လွှမ်းမိုးတဲ့တပ်" အဖြစ် အဲဒီအချိန်ကနေစပြီးတော့
အသွင်ပြောင်းသွားခဲ့ပါတယ်...။

အားလုံးကို အနှစ်ချုပ်ရရင်တော့
၁၉၄၉ ခုနှစ်မှာ ကရင်တပ်ရင်းတွေ တောခိုသွားတာက မြန်မာ့စစ်တပ်ကို "ဗြိတိသျှ လူမျိုးစုပေါင်းစုံတပ်ရင်းပုံစံ" ကနေ "ဗမာ ဗဟိုပြု စစ်တပ်" အဖြစ်အတင်းအဓမ္မ ပြောင်းလဲပစ်လိုက်သလို ဖြစ်သွားစေပါတယ်...။

သမိုင်းပညာရှင်တွေကတော့ ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသာနာတွေ ၊
လူမျိုးစု ပဋိပက္ခတွေရဲ့ အစဟာ... ၁၉၄၉ ခုနှစ်က မြန်မာစစ်တပ်ကို
အရေးပေါ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပုံစံအမှားတွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့ဆိုပါတယ်....။

#ဗမာ့တပ်မတော် #ကရင်သေနတ်ကိုင်တပ်ရင်း #တောခိုခြင်း #ပြည်တွင်းစစ်

Link>>>https://www.facebook.com/photo/?fbid=912209978545248&set=a.102266106206310 

Post a Comment

0 Comments