အီရန် အစိုးရ အနေနဲ့ ကမ္ဘာ့မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားတဲ့အထိ ချေမှုန်းခံရနိုင်တယ်လို့ သမ္မတ ဒေါ်နယ် ထရမ့် က သတိပေးလိုက်ပြီးတဲ့နောက်၊ အမေရိကန် တပ်ဖွဲ့ဝင်တွေက အီရန်ရဲ့ လှေငယ် ခြောက်စင်းကို နစ်မြုပ်ပစ်လိုက်ပါတယ်။
ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ သင်္ဘောတွေကို နှောင့်ယှက်ဖို့ ရောက်ရှိလာတဲ့ အီရန် လှေငယ်တွေကို အမေရိကန် တပ်ဖွဲ့ဝင်တွေက တနင်္လာနေ့မှာ တိုက်ခိုက် နစ်မြုပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
အရေးပါတဲ့ အဲဒီ ရေလမ်းကြောင်း ပြန်ဖွင့်ဖို့ ကြိုးပမ်းမှုတွေကို အီရန်ဘက်က နှောင့်ယှက်မယ် ဆိုရင် အီရန် နိုင်ငံဟာ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားအောင် ချေမှုန်းခံရမယ်လို့ သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ အကြီးအကဲဖြစ်သူ အက်ဒ်မီရယ် ဘရက်ဒ် ကူးပါး (Brad Cooper) ကတော့ အီရန်ဟာ ပုံမှန်အားဖြင့် လှေငယ် အစင်း ၂၀ ကနေ ၄၀ ကြား အသုံးပြုပြီး ခြိမ်းခြောက်လေ့ ရှိပေမဲ့ ဒီနေ့မှာတော့ ခြောက်စင်းသာ တွေ့ရပြီး အဲဒီ လှေငယ်တွေကို အမြန်ဆုံး အပြတ်ရှင်းပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် တပ်ဖွဲ့တွေမှာ အပါချီ (AH-64 Apache) နဲ့ စီဟော့ခ် (MH 60 Seahawk) ရဟတ်ယာဉ်တွေ အပါအဝင် အစွမ်းထက် လက်နက်တွေ အမြောက်အမြား ရှိနေတာကြောင့် အီရန်ရဲ့ စစ်ရေး စွမ်းဆောင်ရည်ဟာ သိသိသာသာ ကျဆင်းသွားပြီ ဖြစ်ကြောင်း ကူးပါးက အလေးအနက် ပြောကြားခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် လနဲ့ချီ ပိတ်ဆို့နေတဲ့ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့ သမ္မတ ထရမ့် ကြေညာခဲ့တဲ့ Project Freedom နောက်ပိုင်းမှာ ဖြစ်ပေါ်လာတာပါ။
အီရန်ဘက်ကတော့ ရေလက်ကြားကို အတင်းအဓမ္မ ဖွင့်လှစ်မှုကို ခုခံသွားမယ်လို့ တုံ့ပြန်ထားသလို ဖြတ်သန်းလိုတဲ့ သင်္ဘောတွေဟာ တဟီရန် အစိုးရနဲ့ အရင် ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမေရိကန် အလံတင် သင်္ဘောတွေကို တိုက်ခိုက်ရင် အီရန် အစိုးရ အပြတ်ရှင်းခံရမယ်လို့ ထရမ့်က ဖောက်စ် နယူးစ် (Fox News) သတင်းဌာနကနေ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်မှာ အရင်ကထက် ပိုကောင်းတဲ့ လက်နက် ခဲယမ်းတွေ ရှိနေသလို ကမ္ဘာအနှံ့က စစ်အခြေစိုက် စခန်းတွေမှာလည်း ပစ္စည်းကိရိယာတွေ အပြည့်အစုံ ရှိနေတာကြောင့် လိုအပ်ရင် အားလုံးကို အသုံးပြုသွားမယ်လို့ သတင်းထောက် ထရေး ယင့်စ် (Trey Yingst) ကို ထရမ့်က ပြောကြားခဲ့ပါတယ်။
ဧပြီလလယ်ကတည်းက ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အီရန်ဟာ အရင်ကထက် ပိုပြီး လိုက်လျောညီထွေမှု ရှိလာပြီလို့လည်း သမ္မတက ဆိုပါတယ်။ အခုလို အီရန် လှေတွေကို တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လက ရရှိခဲ့တဲ့ ယာယီ အပစ်အခတ် ရပ်စဲရေး ပျက်ပြားသွားတာလား ဆိုတဲ့ အချက်ကိုတော့ အက်ဒ်မီရယ် ကူးပါးက အတိအကျ မပြောပါဘူး။
အမေရိကန် တပ်ဖွဲ့တွေဟာ ကာကွယ်ရေး အတွက်သာ ရှိနေတာ ဖြစ်ပြီး ကုန်သွယ်ရေး သင်္ဘောတွေ ပါရှန်းပင်လယ်ကွေ့ကနေ ဘေးကင်းကင်း ထွက်ခွါသွားနိုင်အောင် ကာကွယ်ပေးနေတာ ဖြစ်တယ်လို့ပဲ သူက ရှင်းပြပါတယ်။
တနင်္လာနေ့ အစောပိုင်းမှာပဲ ပနားမား အလံတင် ကုန်တင်သင်္ဘော တစ်စင်း ဖြစ်တဲ့ HMM Namu ဟာ ပေါက်ကွဲမှု ဖြစ်ပွားပြီး အင်ဂျင်ခန်းမှာ မီးလောင်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် တောင်ကိုရီးယား အနေနဲ့ ပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ ၎င်းတို့ရဲ့ သင်္ဘော ၂၆ စင်း ဘေးကင်းဖို့ အတွက် အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့ အချိန်တန်ပြီလို့ ထရမ့်က လူမှုကွန်ရက်ကနေ တိုက်တွန်းခဲ့ပါတယ်။ တောင်ကိုရီးယား သင်္ဘောကလွဲရင် ကျန်တဲ့ သင်္ဘောတွေ ရေလက်ကြားကို ဖြတ်သန်းရာမှာ ထိခိုက်မှု မရှိသေးဘူးလို့လည်း သူက ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အာရပ်စော်ဘွားများ ပြည်ထောင်စုက ရေနံတင် သင်္ဘောတစ်စင်းလည်း အီရန် ဒရုန်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ အဘူဒါဘီ တာဝန်ရှိသူတွေက ဆိုပါတယ်။ လက်ရှိမှာ နိုင်ငံပေါင်း ၈၇ နိုင်ငံက သင်္ဘော ရာပေါင်းများစွာဟာ ပါရှန်းပင်လယ်ကွေ့မှာ ပိတ်မိနေပြီး အမေရိကန် တပ်ဖွဲ့တွေက ဘေးကင်းတဲ့ လမ်းကြောင်း ရရှိဖို့ ကူညီပေးနေပါတယ်။
အမေရိကန် သင်္ဘော အနည်းဆုံး နှစ်စင်းဟာ ရေလက်ကြားကို တနင်္လာနေ့က အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တယ်လို့ သိရပေမဲ့ အီရန်ဘက်ကတော့ ဒါဟာ အခြေအမြစ် မရှိတဲ့ ပြောဆိုချက်သာ ဖြစ်တယ်လို့ ပယ်ချထားပါတယ်။
Samuel Chamberlain က ရေးသားပြီး၊ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှာ ထုတ်ဝေတဲ့ New York Post ရဲ့ သတင်းဖြစ်ပါတယ်။
May 04 2026
Shared by>>>SEAN KORO





0 Comments