ပြီးခဲ့တဲ့အပတ် သောကြာနေ့ ဒီအချိန်မှာ အမေရိကန်ရော အီရန်ပါ အီရန်နယ်မြေထဲမှာ ပျောက်ဆုံးနေတဲ့လေသူရဲကို အသည်းအသန်ရှာဖွေနေချိန် ဖြစ်ပါတယ်။
အမေရိကန် CIA ရဲ့အဆိုအရ အီရန်နိုင်ငံရဲ့ တောင်တန်းတွေပေါ်မှာ ပစ်ချခံခဲ့ရတဲ့ အမေရိကန်လေသူရဲကို ရှာဖွေကယ်တင်ဖို့အတွက် CIA ဟာ “Ghost Murmur” လို့ အမည်ရတဲ့ ထိပ်တန်းလျှို့ဝှက် နည်းပညာအသစ်တစ်ခုကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါဟာ ခေတ်သစ်စစ်ပွဲတွေမှာ ရန်သူ့နယ်မြေအတွင်း ပိတ်မိနေတဲ့သူတွေကို ရှာဖွေကယ်တင်တဲ့နေရာမှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က "အင်မတန် လေးစားဖွယ်ကောင်းတဲ့ ဗိုလ်မှူးကြီး" လို့ ညွှန်းပြီးတဲ့ “Dude 44 Bravo” လို့ အမည်ပေးထားတဲ့ အဲဒီလေသူရဲဟာ ပြီးခဲ့တဲ့ သောကြာနေ့က အစ္စဖာဟန်မြို့ အနောက်တောင်ဘက်မှာ F-15E Strike Eagle လေယာဉ် ပစ်ချခံရစဉ်အတွင်း ပျောက်ဆုံးသွားခဲ့တာ ပါ။
လေသူရဲတစ်ဦးကို ချက်ချင်း ကယ်တင်နိုင်ခဲ့ပေမဲ့ ဒုတိယအရာရှိကတော့ ဒဏ်ရာတွေနဲ့အတူ ရန်သူ့နယ်မြေထဲမှာ ၃၆ နာရီကြာအောင် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ တောင်ကုန်းတောင်တန်းတွေ အင်မတန်ပေါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
လေသူရဲဟာ တောင်ကြားတစ်ခုထဲမှာ ပုန်းအောင်းနေရင်း အရေးပေါ်အချက်ပြစနစ် (Beacon) ကို ဖွင့်ခဲ့ပေမဲ့ အီရန်တောင်တန်းတွေရဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အချက်ပြမှုဟာ တိကျမှုမရှိဘဲ အားနည်းနေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ အရင်က လက်တွေ့စစ်ဆင်ရေးတွေမှာ တစ်ခါမှ မသုံးဖူးသေးတဲ့ Ghost Murmur စနစ်ကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။
ဒီစနစ်ဟာ ရေဒီယိုလှိုင်း၊ GPS ဒါမှမဟုတ် အပူလှိုင်း (Thermal imaging) တွေကို အသုံးမပြုဘဲ လူကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic signature) ကို ရှာဖွေတာ ဖြစ်ပါတယ်။
ကွမ်တမ်ရူပဗေဒ (Quantum Physics) ကို အခြေခံထားတဲ့ ဒီနည်းပညာဟာ လူ့နှလုံးသားက ထွက်ပေါ်လာတဲ့ အင်မတန်သေးငယ်တဲ့ သံလိုက်စက်ကွင်းကို တိကျစွာ တိုင်းတာနိုင်တာ ဖြစ်ပါတယ်။
Ghost Murmur က နှလုံးခုန်သံကို ဘယ်လို ကြားနိုင်သလဲ
ဒီစနစ်မှာ လူလုပ်စိန် (Synthetic diamonds) တွေနဲ့ ပြုလုပ်ထားတဲ့ အင်မတန်အာရုံခံနိုင်စွမ်းမြင့်မားတဲ့ ကွမ်တမ်အာရုံခံကိရိယာ (Quantum sensors) တွေကို အသုံးပြုထားတာ လို့ ဆိုပါတယ်။
ဒရုန်း ဒါမှမဟုတ် ဟယ်လီကော်ပတာတွေပေါ်မှာ တပ်ဆင်ထားတဲ့ ဒီအာရုံခံကိရိယာတွေဟာ မြေပြင်ပေါ်က သံလိုက်စက်ကွင်းအပြောင်းအလဲတွေကို အမြဲမပြတ် စကန်ဖတ်နိုင်ပါတယ်။
ကမ္ဘာမြေကြီး၊ ကျောက်ဆောင်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေဆီက ထွက်လာတဲ့ သံလိုက်လှိုင်းတွေကြားထဲကနေ လူ့နှလုံးခုန်သံကထွက်တဲ့ လိုအပ်တဲ့စည်းချက်ကျတဲ့ လှိုင်းကိုပဲ သီးသန့်ခွဲထုတ်နိုင်ဖို့အတွက် Artificial Intelligence (AI) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။
"ဒါဟာ ပရိသတ်အပြည့်ရှိတဲ့ အားကစားကွင်းကြီးထဲက လူတစ်ယောက်ရဲ့ အသံကို သီးသန့်ရှာဖွေတာနဲ့ တူပါတယ်။
နည်းနည်းပိုပြီး ထပ်ရှင်းပြပါမယ် ...
Quantum Magnetometry (ကွမ်တမ် သံလိုက်တိုင်းတာခြင်း) ဆိုတာ ဘာလဲ
လူ့ခန္ဓာကိုယ်အတွင်းရှိ နှလုံးကြွက်သားတွေက အားစိုက်သွေးညှစ်ထုတ်တဲ့အခါတိုင်း အင်မတန် သေးငယ်တဲ့ လျှပ်စစ်စီးကြောင်းတစ်ခု ထွက်ပေါ်လာပါတယ်။
အဲ့ဒီလျှပ်စီးစီးကြောင်းကတစ်ဆင့် သံလိုက်စက်ကွင်း (Magnetic Field) တစ်ခု ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းထက်စာရင် အဆပေါင်းမယှဉ်နိုင်လောက်အောင် အလွန့်အလွန်အားနည်းပါတယ်။
Ghost Murmur နည်းပညာက အဲ့လို အင်မတန် အားနည်းတဲ့ လှိုင်းတွေကို ဖမ်းယူဖို့အတွက် Diamond-based Quantum Sensors (စိန်ကို အခြေခံထားသော ကွမ်တမ် အာရုံခံကိရိယာများ) ကို အသုံးပြုပါတယ်။
ဒီနည်းပညာရဲ့ ထူးခြားချက်များကတော့ ...
Nitrogen-Vacancy (NV) Centers ဓာတ်ခွဲခန်းအတွင်းမှာ ပြုလုပ်ထားတဲ့ စိန်တွေအတွင်းမှာရှိတဲ့ အက်တမ်အဆင့် ချို့ယွင်းချက်လေးများကို အသုံးပြုပြီး သံလိုက်စက်ကွင်း အပြောင်းအလဲကို တိုင်းတာခြင်း ဖြစ်ပါတယ်။
ရန်သူက ခြေရာခံနိုင်မည့် မည်သည့် အချက်ပြလှိုင်း (Signal) ကိုမျှ ထုတ်လွှင့်ရန် မလိုဘဲ အနီးအနားရှိ သက်ရှိများ၏ သဘာဝအတိုင်း ထွက်ပေါ်နေသော လှိုင်းကိုသာ Passive Detection အနေနဲ့ ဖမ်းယူခြင်း ဖြစ်ပါတယ်။
အာကာသထဲကလာနေတဲ့ လှိုင်းများ၊ မြေပြင်ရှိ ကျောက်ဆောင်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဟယ်လီကော်ပတာ ကိုယ်ထည်မှ ထွက်သော သံလိုက်လှိုင်းများဟာ Ghost Murmur အာရုံခံစနစ်အတွက် အနှောင့်အယှက်ပေးနေတဲ့ "ဆူညံသံ" (Noise) များ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနေရာမှာ AI ကိုသုံးရတာ ဖြစ်ပါတယ်။
Cardiac Pattern Recognition လို့ခေါ်တဲ့ လူ့နှလုံးခုန်သံရဲ့ ထူးခြားသော စည်းချက် (Pattern) ကိုသာ သီးသန့်ခွဲထုတ်ဖို့ ဇာတ်တိုက် လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။
စက္ကန့်ပိုင်းအတွင်း သန်းနဲ့ချီတဲ့ ဒေတာမျိုးစုံကို စစ်ထုတ်ကာ အခြားသော သက်မဲ့ပစ္စည်းတွေက ထွက်တဲ့လှိုင်းတွေကို ပယ်ဖျက်လိုက်ပါတယ်။
ဒီနည်းပညာမှာ ကန့်သတ်ချက်နဲ့အခက်အခဲတွေရှိသလားဆိုရင် ရှိပါတယ်။
Ghost Murmur ဟာ အံ့ဩစရာ ကောင်းသော်လည်း နေရာတိုင်းမှာ အလုပ်မလုပ်နိုင်သေးပါဘူး။
မြို့ပြပတ်ဝန်းကျင် (Urban Interference): လူဦးရေ ထူထပ်သော မြို့ကြီးများမှာ လူသန်းပေါင်းများရဲ့ နှလုံးခုန်သံများ ရောယှက်နေခြင်းနှင့် လျှပ်စစ်ပစ္စည်းများ များပြားခြင်းကြောင့် တစ်ဦးတစ်ယောက်တည်းကို သီးသန့်ခွဲထုတ်ရန် အလွန်ခက်ခဲပါတယ်။
ဒါပေမဲ့ ငလျင်ကြောင့် အပျက်အစီးပုံတွေအောက်မှာ ပိတ်မိနေသူတွေကို ရှာဖွေရာမှာလည်း အသုံးဝင်ကောင်း ဝင်လာနိုင်မှာ ဖြစ်ပါတယ်။
တွက်ချက်မှု အင်အား (Computational Power) အနေနဲ့ပြောရရင် အဲ့ဒီလောက်အားနည်းတဲ့ လှိုင်းတွေကို ရှာဖွေဖို့အတွက် အလွန်မြင့်မားတဲ့ ကွန်ပျူတာ တွက်ချက်မှုစွမ်းအားလိုအပ်တာဖြစ်တဲ့အတွက် လက်ရှိမှာ အထူးမစ်ရှင်များမှာသာ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။
အခုကယ်ဆယ်ရေးမစ်ရှင်မှာ ပျောက်ဆုံးလေသူရဲရဲ့ နှလုံးခုန်သံကို တိကျစွာ တည်နေရာဖော်ထုတ်နိုင်ပြီးနောက်မှာတော့ အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေဟာ မှောင်မည်းနေတဲ့ ညအချိန်မှာပဲ ကယ်ဆယ်ရေးစစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။
နာရီပိုင်းအတွင်းမှာပဲ ဒဏ်ရာရထားတဲ့ လေသူရဲကို သူပုန်းနေတဲ့ နေရာမှာ ရှာတွေ့ခဲ့ပြီး အမေရိကန်ရဲ့ အကြီးဆုံးစစ်ဆေးရုံဖြစ်တဲ့ ဂျာမနီနိုင်ငံက Landstuhl Regional Medical Center ဆီကို ပို့ဆောင်ကုသပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Ghost Murmur ဟာ နာမည်ကျော် Lockheed Martin ကုမ္ပဏီရဲ့ Skunk Works ဌာနကနေ လျှို့ဝှက်ထုတ်လုပ်ထားတာလို့ ယူဆရပါတယ်။
ဒီနည်းပညာရဲ့ ထူးခြားချက်ကတော့ ရှာဖွေခံရသူဘက်က ဘာအချက်ပြစနစ်မှ ဖွင့်ထားဖို့ မလိုဘဲ လူသားတစ်ယောက် အသက်ရှင်နေသရွေ့ ထွက်ပေါ်နေမယ့် ဇီဝလှိုင်းတွေကို ရှာဖွေနိုင်တာပဲ ဖြစ်ပါတယ်။
အီရန်သဲကန္တာရရဲ့ တိတ်ဆိတ်ခြောက်သွေ့တဲ့ ညဉ့်နက်ပိုင်းမှာ ရေဒီယိုလှိုင်းတွေနဲ့ မျက်မြင်ကင်းထောက်ရှာဖွေမှုတွေက အကူအညီမပေးနိုင်တော့တဲ့ အဆုံးမှာ အားနည်းပေမဲ့ ပုံမှန်ခုန်နေတဲ့ လေသူရဲရဲ့ နှလုံးခုန်သံကပဲ သူ့ကို အိမ်ပြန်ရောက်အောင် လမ်းပြပေးနိုင်ခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။





0 Comments