FB>>>ယောက်ျားရုတ်တရက်ဆုံးသွားကြောင်းသတင်းကြားပြီး နှလုံးဖောက်သွားရှာတဲ့ မြန်မာအိမ်အကူအတွက် အလုပ်ရှင်က ဆေးကုသစရိတ် ဒေါ်လာ ၈ သောင်းရအောင် fundraising လုပ်ပြီး အကူအညီတောင်းခံနေပါတယ် ❞
စင်ကာပူနိုင်ငံရှိ မြန်မာအိမ်အကူတစ်ဦးဟာ သူ့ခင်ပွန်းဖြစ်သူ ကွယ်လွန်တဲ့ သတင်းကြားပြီးနောက် နှလုံးဖောက်ကာ Tan Tock Seng တန်တောက်ဆန်းဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင် ICU အတွင်းမှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
Mothership သတင်းထဲမှာ ဖတ်ရတဲ့အတိုင်းပြောရရင် အသက် ၃၉ နှစ်အရွယ်ရှိ မသန္တာလင်းဟာ ၂၀၂၄ ဩဂုတ်လကတည်းက လက်ရှိစင်ကာပူအိမ်ရှင်မိသားစုဆီမှာ အိမ်အကူအဖြစ် စတင်အလုပ်လုပ်နေတာလို့ ဆိုပါတယ်။
အလုပ်ရှင်ရဲ့သမီးဖြစ်သူ အသက် ၃၄ နှစ်အရွယ်ရှိ မာယာရဲ့ပြောကြားချက်အရ မသန္တာလင်းရဲ့ အသက် ၃၆ နှစ်အရွယ် ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က မြန်မာပြည်မှာ အိပ်ပျော်နေတုန်း ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်းဆိုးကို ကြားရတဲ့အချိန်ကစပြီး မသန္တာလင်းခမျာ စိတ်အလွန်ထိခိုက်သွားတာဖြစ်ပါတယ်။
မတ်လ ၁၅ ရက်နေ့မှာ မသန္တာလင်းဟာ အသက်ရှူရခက်လာပြီး ရင်ဘတ်အောင့်လာတဲ့အတွက် ဆေးရုံကိုအရေးပေါ် ပို့ရာမှာ နှလုံးဖောက်ခြင်း (Heart Attack) ရနေကြောင်း ဆေးရုံမှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
မသန္တာလင်းကို မတ်လ ၂၀ ရက်နေ့မှာ နှလုံးမှာသွေးကြောပိတ်ဆို့မှု ရှိ၊ မရှိ စစ်ဆေးတဲ့ (Angiogram) ပြုလုပ်ခဲ့ပြီး နှလုံးခုန်နှုန်း ပြန်လည်မှန်ကန်စေရန်အတွက် လျှပ်စစ်နဲ့ နှိုးဆွခြင်း (Defibrillated) များ ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ကို မတ်လ ၂၃ ရက်နေ့မှာ အထူးကြပ်မတ်ကုသဆောင် ICU ထဲ ပြောင်းခဲ့ရပြီး လက်ရှိမှာ နှလုံးကြွက်သားနဲ့သက်ဆိုင်တဲ့ (Cardiomyopathy) ဝေဒနာ ခံစားနေရကြောင်း ပဏာမစစ်ဆေးတွေ့ရှိထားပြီး ရေရှည်အတွက် နှလုံးအစားထိုးကုသတာအထိ ဖြစ်နိုင်တယ်လို့ မာယာက ဆိုပါတယ်။
အလုပ်ရှင်မာယာရဲ့ အဆိုအရ မသန္တာလင်း၏ အခြေအနေက တည်ငြိမ်မှုမရှိဘဲ သွေးဖိအားက မထင်ရင်မထင်သလို ကျဆင်းနေသလို၊ အဆုတ်ထဲမှာ အရည်တွေစုနေတဲ့အတွက် အသက်ရှူရခက်ခဲနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ဆေးရုံစရိတ်မှာ စင်ကာပူဒေါ်လာ ၆၀,၀၀၀ ကျော် ကုန်ကျနေပြီဖြစ်ပြီး ရှေ့ဆက်စစ်ဆေးမှုများအတွက် နောက်ထပ် ဒေါ်လာ ၁၀,၀၀၀ ကနေ ၂၀,၀၀၀ အထိထပ်မံ လိုအပ်ဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
"မသန္တာလင်းဟာ ကျမတို့ရဲ့ အိမ်အကူတင်မဟုတ်ဘဲ ကျမတို့ရဲ့မိသားစုဝင်တစ်ယောက်ပါ" လို့ အလုပ်ရှင်မိသားစုက Mothership သတင်းဌာနကို ပြောဆိုပါတယ်။
သန္တာလင်းအား အိမ်အကူတစ်ဦးထက်ပိုကာ မိသားစုဝင်တစ်ဦးကဲ့သို့ ချစ်ခင်ကြတာလို့ အလုပ်ရှင်မိသားစုက ပြောတာဖြစ်ပါတယ်။
မာယာက မသန္တာလင်းဟာ အလုပ်ရှင်မိသားစုဝင်တွေ ကျန်းမာရေးမကောင်းလို့ ခွဲစိတ်ကုသမှုတွေ လုပ်ရချိန်တုန်းက အနီးကပ် ပြုစုစောင့်ရှောက်ပေးခဲ့သူတယ်လို့ ပြောကြားခဲ့ပါတယ်။
"မသန္တာလင်းဟာ ကျမတို့မိသားစုဝင်တွေကို ဂရုတစိုက်ပြုစုပေးခဲ့သူပါ။ ကျမတို့ မိသားစုရဲ့ အခက်ခဲဆုံး အချိန်တွေမှာ သူမက အမြဲတမ်း အနားမှာ ရှိနေပေးခဲ့ပါတယ်။ အခု သူမ ဆေးရုံတက်နေရတဲ့ အချိန်မှာ ကျမတို့ဘက်က မျက်ကွယ်ပြုထားလို့ မရပါဘူး။ ဒါဟာ မိသားစုတွေ လုပ်ရမယ့် အလုပ်ပဲ မဟုတ်လား" လို့ မာယာက ဆိုပါတယ်။
မသန္တာလင်းမှာ မြန်မာပြည်မှာ အမေ့အိမ်အပြန်ကိုစောင့်နေရှာတဲ့ ၉ နှစ်အရွယ် သားလေး မောင်ဇွဲမြတ်မင်း ရှိတယ်လို့ ဆိုပါတယ်။
သားလေးခမျာ ဖခင်ကို မထင်မှတ်ပဲဆုံးရှုံးလိုက်ရပြီးနောက် ၂ ရက်အကြာ မတ်လ ၁၅ ရက်နေ့မှာ အမေ့သတင်းထပ်ကြားရပြီး အခုလက်ရှိမှာ အဘွားဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ နေနေရတာလို့ ဆိုပါတယ်။
ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းအထိ ရရှိထားတဲ့ fund အခြေအနေကတော့ အလှူရှင်အယောက် ၄၀ ကလှူတဲ့ စင်ကာပူဒေါ်လာ ၂,၉၀၀ ကျော်သာရှိနေသေးတဲ့အတွက် အလှူရှင်တွေရဲ့ အကူအညီကို အထူးလိုအပ်နေတာ ဖြစ်ပါတယ်။
အလုပ်ရှင်မိသားစုဟာ မသန္တာလင်းကို ကယ်တင်နိုင်ဖို့ တတ်နိုင်သမျှအစွကြိုးပမ်းနေပြီး အများပြည်သူတွေထံကလည်း စာနာထောက်ထားမှုနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ အကူအညီတောင်းထားတာ ဖြစ်ပါတယ်။





0 Comments