About Me

header ads

Richard Myo Thant - April 13, 2026

 


❝ #မသန်စွမ်းတဲ့မိဘကို လုပ်ကျွေးပြီး ကျောင်းစရိတ်ရှာဖို့ ပလတ်စတစ်ဗူးခွံကောက်နေတဲ့ ၁၅ နှစ်အရွယ် ထိုင်းမိန်းကလေး ❞
ထိုင်းနိုင်ငံက အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ဟာ မိသားစုကို ထောက်ပံ့ဖို့နဲ့ သူ့ကျောင်းစရိတ်အတွက် ပလတ်စတစ်ဗူးခွံတွေ လိုက်လံရောင်းချနေတဲ့သတင်းကြောင့် လူမှုကွန်ရက်မှာ လူသိများပြီး နာမည်ကြီးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ နွန်သဘူရီခရိုင်မှာရှိတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ ဘန်ရာဖာ (Benyapha Thanakornmonporn) ရဲ့ အကြောင်းကို CH7 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ် ဘန်ရာဖာမမွေးခင် သူ့အမေ ကိုယ်ဝန်လွယ်ထားချိန်မှာ ဘန်ရာဖာရဲ့အဖေဟာ အမြင့်ကပြုတ်ကျတဲ့ ဒဏ်ရာပြင်းထန်တာကြောင့် အိပ်ရာထဲလဲနေခဲ့တာ ဖြစ်ပါတယ်
အဖေအလုပ်မလုပ်နိုင်တော့ အမေခမျာ ကျောင်းသန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ပြီး တစ်နေ့ကို ဘတ် ၃၈၀ (မြန်မာငွေ ၄၉၀၀၀ ခန့်) နဲ့ မိသားစုကို တစ်ဦးတည်း ဒိုင်ခံရုာဖွေကျွေးမွေးနေရတာ ဖြစ်ပါတယ်။

သမီးလေး ဘန်ရာဖာခမျာမှာလည်း မွေးကတည်းက အိပ်ရာထဲကမထနိုင်တဲ့ လေဖြတ်ထားတဲ့ အဖေကို ကြုံခဲ့ရပြီး ငယ်စဉ်လူမှန်းသိတတ်ကျောင်းတက်တဲ့ အရွယ်ကတည်းက ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းပြန်ပြီး ဖအေရဲ့ လူကြီးအနှီး (Diapers) လဲပေးတာ၊ ဆီးအိုးသန့်ရှင်းပေးတာတွေကို ကူညီလုပ်ဆောင်ပေးခဲ့ရပါတယ်။

ဒါ့အပြင် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ရအောင်ကူနိုင်ဖို့အတွက် အမှိုက်ပုံးတွေနဲ့ လမ်းဘေးတွေမှာ ပလတ်စတစ်ဗူးခွံတွေကို လိုက်လံကောက်ယူပြီး ရောင်းချခဲ့ရပါတယ်။
တစ်ခေါက်ရောင်းရင် ဘတ် ၁၀၀ တောင် မပြည့်တဲ့ငွေလေးကို ရရှိတာဖြစ်ကြောင်း Khaosod English သတင်းဌာနကို ပြောပြခဲ့ပါတယ်။

မအေဖြစ်သူကတော့ အခက်အခဲတွေကြားက လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ သမီးဖြစ်သူအတွက် သနားလည်း သနားသလို အရမ်းလည်း ဂုဏ်ယူမိကြောင်း ဆိုပါတယ်။

"သမီး ဒီလိုအလုပ်လုပ်ရတာ ရှက်သလား" လို့ မေးတဲ့အခါမှာ ဘန်ရာဖာက "ကျွန်မ မရှက်ပါဘူး။ အဖေက လူနာဖြစ်နေလို့ ကျမ သူ့ကို ကူညီရမှာပဲလေ" လို့ ဖြေကြားခဲ့ပါတယ်။

ဘဝအခက်အခဲတွေ ရှိနေပေမဲ့ ဘန်ရာဖာဟာ ပညာရေးမှာလည်း အားမလျှော့ခဲ့ပါဘူး။

သူမဟာ ကျောင်းမှာ အဆင့် ၃ ရရှိထားသူဖြစ်ပြီး အမှတ်ပျမ်းမျှ (GPA) ၃.၇၅ ထိရရှိတဲ့ စာတော်တဲ့ကျောင်းသူလေးလည်း ဖြစ်ပါတယ်။

အခုဆိုရင် သူမဟာ ၁၀ တန်း (Grade 10) တက်ရောက်ရတော့မှာဖြစ်ပေမဲ့ မိသားစုဝင်ငွေ နည်းပါးတာကြောင့် ကျောင်းလခပေးဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို သိရှိသွားတဲ့ ဒေသခံ Facebook page တစ်ခုကနေတစ်ဆင့် အလှူငွေကောက်ခံပေးခဲ့ရာ ရက်ပိုင်းအတွင်းမှာတင် အလှူငွေ ဘတ် ၁.၁ သန်း ရရှိခဲ့ပြီး အလှူငွေကောက်ခံခြင်းကို အောင်မြင်စွာပဲ ရပ်နားနိုင်ခဲ့ပါတယ်။

ပြောချင်တာက အလုပ်ယူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း ရိုးသားတဲ့ အလုပ်ဟာ ဘယ်တော့မှ မနိမ့်ကျဘူးဆိုတာပါပဲ။

မိဘကို လုပ်ကျွေးပြုစုခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သလို၊ အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ရဲ့ "မရှက်ဘူး" ဆိုတဲ့စကားဟာ သူမရဲ့ စိတ်ဓာတ် ဘယ်လောက်မြင့်မြတ်တယ်ဆိုတာကို ပြနေပါတယ်။

တကယ်တမ်းပြောရရင် ဆင်းရဲခြင်းနဲ့ ဘဝကြမ်းတမ်းပင်ပန်းခြင်းတွေက လူတစ်ယောက်သာ သင်ယူချင်စိတ်ရှိရင် ပညာသင်ကြားဖို့အတွက် အတားအဆီး မဖြစ်နိုင်ပါဘူး။

စိတ်ဓာတ်သာ ခိုင်မာရင် ဘယ်လိုအခြေအနေမှာမဆို ထူးချွန်အောင် ကြိုးစားလို့ ရပါတယ်။
မိဘအပေါ်ထားတဲ့ သူမရဲ့ စစ်မှန်တဲ့ စေတနာနဲ့ ကြိုးစားမှုကြောင့် လူအများရဲ့ ကူညီဖေးမမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး ကြိုးစားနေသူတွေအတွက် တစ်နေ့မှာ ကံကြမ္မာက တံခါးဖွင့်ပေးစမြဲပါ။

"မင်းရဲ့ အခြေအနေက မင်းဘယ်သူလဲဆိုတာကို သတ်မှတ်တာမဟုတ်ဘူး၊ အဲဒီအခြေအနေအပေါ် မင်းတုံ့ပြန်ပုံကသာ မင်းရဲ့ တန်ဖိုးကို သတ်မှတ်တာဖြစ်တယ်" ဆိုတာကို နှလုံးသွင်းပြီး အခက်အခဲရှိနေသူတိုင်း အားမလျှော့ဘဲ ရှေ့ဆက်နိုင်ကြပါစေ။
𝑹𝒊𝒄𝒉𝒂𝒓𝒅 𝑴𝒚𝒐 𝑻𝒉𝒂𝒏𝒕
13-April-2026
 

Post a Comment

0 Comments