ပါကစ္စတန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ထရမ့်ရဲ့ရာဇသံနောက်ဆုံးအချိန်နားကပ်ပြီး နှစ်ဘက်ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။
အီရန်ရဲ့ လျှပ်စစ်စက်ရုံတွေနဲ့ တံတားတွေကို ဗုံးကြဲမယ့်အန္တရာယ်ကနေ ယာယီကင်းဝေးသွားခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံတွေအတွက် အီရန်ဘက်ကလက်တုန့်ပြန်မယ့်အရေးကလည်း သက်သာသွားတာ ဖြစ်ပါတယ်။
အီရန်ဘက်က စစ်ပွဲရေရှည်အဆုံးသတ်ဖို့အတွက် အချက် ၁၀ ချက်ပါ တောင်းဆိုချက်ကို တင်ပြခဲ့ပြီး၊ ထရမ့်ကလည်း ဒါဟာ "ဆွေးနွေးဖို့အတွက် လက်တွေ့ကျတဲ့ အခြေခံ" ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အီရန်ရဲ့တောင်းဆိုချက်တွေကိုကြည့်မယ်ဆိုရင် လက်ရှိအပစ်အခတ်ရပ်စဲရေးဟာ ယာယီသာဖြစ်ပြီး အင်မတန် ထိလွယ်ရှလွယ်တဲ့ အခြေအနေမှာ ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။
၁။ အီရန်ကို နောက်တစ်ကြိမ် ထပ်မတိုက်ပါဘူးဆိုတဲ့ အာမခံချက်၊
အီရန်ခေါင်းဆောင်ပိုင်းက သူတို့ဟာ အရင်က အမေရိကန်နဲ့ ဆွေးနွေးနေရင်းမှာပဲ ရုတ်တရက် အတိုက်ခံခဲ့ရတာလို့ ဆိုထားပါတယ်။
ဒါကြောင့် သံတမန်လမ်းကြောင်းတွေ ဖွင့်ထားချိန်မှာ ထပ်ပြီး အလစ်အငိုက် အတိုက်မခံရဖို့ အာမခံချက် တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီအတွက် ထရမ့်ကလက်ခံပါလိမ့်မယ်။
၂။ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ခွင့်ရရှိရေး၊
ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းတဲ့ ဒီရေလမ်းကြောင်းကို အီရန်က ဆက်ပြီး ထိန်းချုပ်ထားချင်တာ ဖြစ်ပါတယ်။
ယာယီသဘောတူညီချက်အရ အီရန်နဲ့ အိုမန်တို့ဟာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေဆီကနေ အခွန်ကောက်ခံခွင့် ရနိုင်တယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်အနေနဲ့ အီရန်တစ်နိုင်ငံတည်းကိုပဲ ထိန်းချုပ်ခွင့်ပေးဖို့ မဖြစ်နိုင်သလို၊ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေကလည်း ဒါကို လက်ခံမှာ မဟုတ်ပါဘူး။
၃။ အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကို လက်ခံပေးရေး၊
ထရမ့်က အီရန်ရဲ့ ယူရေနီယံတွေကို နှစ်ပတ်အတွင်းမှာ "စနစ်တကျ ကိုင်တွယ်သွားမယ်" လို့ ပြောထားပေမဲ့၊ အီရန်ဘက်ကတော့ သူတို့မှာ ယူရေနီယံသန့်စင်ခွင့် ရှိကိုရှိရမယ်လို့ တောင်းဆိုထားပါတယ်။
ထရမ့်က အီရန်ကို အဏုမြူလက်နက် ထုတ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားတာကြောင့် ယူရေနီယံသန့်စင်မှုအပေါ်မှာ ကန့်သတ်ချက် (Cap) တစ်ခုထားဖို့ပဲ တောင်းဆိုမှာဖြစ်သလို အစ္စရေးနဲ့ကျန်အာရပ်နိုင်ငံတွေကလည်း လွှတ်ထားမှာ မဟုတ်တော့ပါဘူး။
၄။ အီရန်အပေါ် ချမှတ်ထားတဲ့ အဓိကပိတ်ဆို့မှု (Primary Sanctions) အားလုံး ရုပ်သိမ်းရေး၊
၁၉၇၉ တော်လှန်ရေးကတည်းက အီရန်အပေါ်ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ တိုက်ရိုက်ပိတ်ဆို့မှုတွေကို အီရန်က အခုရုပ်သိမ်းစေချင်တာ ဖြစ်ပါတယ်။
အမေရိကန်ဘက်ကတော့ ရေနံနဲ့ပတ်သက်တဲ့ ပိတ်ဆို့မှုတချို့ကို ပြန်လည်ရုပ်သိမ်းပေးနိုင်ခြေ ရှိပါတယ်။
၅။ ထပ်မံအဆင့်ဆင့်ပိတ်ဆို့မှု (Secondary Sanctions) များ ရုပ်သိမ်းရေး၊
အီရန်နဲ့ ကုန်သွယ်တဲ့ တတိယနိုင်ငံတွေကို အရေးယူတဲ့ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းဖို့ အီရန်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါဟာလည်း ကြီးမားတဲ့ အဟန့်အတား မဟုတ်ပေမဲ့ အမေရိကန်အနေနဲ့ သူ့ရဲ့ပင်လယ်ကွေ့ မဟာမိတ်တွေကို နားချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
၆။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အားလုံးကို အဆုံးသတ်ရေး၊
အီရန်ရဲ့ နျူကလီးယားကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖျက်သိမ်းစေချင်တာ ဖြစ်ပါတယ်။
ဒါကို အမေရိကန်က တိုက်ရိုက်လုပ်ပိုင်ခွင့် မရှိပေမဲ့ အီရန်နဲ့အမေရိကန်ပြေလည်ရင် မဟာမိတ်နိုင်ငံတွေကို ဖိအားပေးနိုင်တာ ဖြစ်ပါတယ်။
၇။ IAEA အုပ်ချုပ်ရေးမှူးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များကို အဆုံးသတ်ရေး၊
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်ဟာ နျူကလီးယားဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ တွေ့ရှိထားတဲ့အပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။
ဒါဟာလည်း အမေရိကန်က တိုက်ရိုက် ထိန်းချုပ်လို့ မရတဲ့ ကိစ္စ ဖြစ်ပါတယ်။
၈။ အီရန်ကို စစ်လျော်ကြေးပေးရေး၊
၃၉ ရက်ကြာ စစ်ပွဲအတွင်းမှာ အီရန်ဘက်က ပျက်စီးသွားတာတွေအတွက် အမေရိကန်နဲ့ အစ္စရေးဆီကနေ စစ်လျော်ကြေး တောင်းဆိုထားတာ ဖြစ်ပါတယ်။
အမေရိကန်က တိုက်ရိုက်ပေးဖို့ မဖြစ်နိုင်ပေမဲ့၊ ဟော်မုဇ်ရေလက်ကြားကနေ ရမယ့် အခွန်ငွေတွေကို ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုဖို့ ခွင့်ပြုပေးတာမျိုးတော့ ရှိနိုင်တာ ဖြစ်ပါတယ်။
၉။ ဒေသတွင်းကနေ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းရေး၊
အီရန်က အမေရိကန်တပ်တွေကို အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကနေ ထွက်သွားဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါကိုတော့ အမေရိကန်က ဘယ်လိုမှ လက်ခံမှာ မဟုတ်ပါဘူး။
၁၀။ လက်ဘနွန်အပါအဝင် အခြားစစ်မျက်နှာအားလုံးမှာ စစ်ပွဲရပ်တန့်ရေး၊
လက်ဘနွန်မှာရှိတဲ့ ဟစ်ဇဘိုလာတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကိုပါ ရပ်တန့်ပေးဖို့ အီရန်က တောင်းဆိုထားတာ ဖြစ်ပါတယ်။
အစ္စရေးကတော့ အီရန်အပေါ် တိုက်ခိုက်တာကိုသာ ရပ်နားမှာဖြစ်ပြီး လက်ဘနွန်ကိစ္စ မပါဝင်ဘူးလို့ ဆိုထားတာကြောင့် ဒါဟာ အငြင်းပွားစရာ အချက်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။
နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သလဲ
အပစ်အခတ်ရပ်စဲရေးဟာ ချက်ချင်းစတင်မှာဖြစ်ပေမဲ့ အီရန်ဘက်က အစ္စရေးကို တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း လက်ဘနွန်မှာ တိုက်ခိုက်မှုပြင်းထန်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ ဒီနေ့သောကြာနေ့ကစလို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်ကတော့ "အပြီးသတ် သဘောတူညီချက်" တစ်ရပ် ရရှိဖို့ပဲ ဖြစ်ပါတယ်။ အီရန်ဘက်ကတော့ ဒီဆွေးနွေးမှုတွေအတွက် နှစ်ပတ် အချိန်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီတော့ အခုထိမြင်ရသလောက်ပြောရရင် အီရန်ဘက်က အဆုံးစွန်အထိတက်တောင်းထားတာဖြစ်ပြီး အမေရိကန်နဲ့အစ္စရေးက မလိုက်လျောနိုင်ရင် ဒီစစ်ပွဲက အချိန်မရွေးပြန်စနိုင်တာပါ။
အခုလောလောဆယ် ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပြီဆိုပေမဲ့ အခုထိ သင်္ဘော ၁၀ စီးကိုပဲ ဖြတ်ခွင့်ပြုသေးတယ်လို့ ဆိုပါတယ်။
ဒီတစ်ခါ ပွဲတစ်ကြိမ်ပြန်စရင် အပစ်အခတ်ရပ်စဲရေးက ညှိရပိုခက်သွားပါလိမ့်မယ်။
အမှန်က နှစ်ဘက်စလုံးက လေသာရှိပြီး မောနေကြပါပြီ။ ဒါပေမဲ့ ခပ်ကြီးကြီးတောင်းဆိုထားပြီး စစ်ပန်းတာနားရင်းနဲ့ ရသလောက်အမြတ်ပဲလို့ တွက်ထားကြတာပါ။


0 Comments