ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း အီရန်နိုင်ငံက သူတို့ရဲ့ နျူလက်နက်ရဖို့လုပ်နေတဲ့ ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ "ခေါင်းမာမာ" နဲ့ ငြင်းဆန်ခဲ့တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို အမေရိကန်ရေတပ်က ပိတ်ဆို့ဖို့ သမ္မတဒေါ်နယ်ထရန့်ကီနေ့ တနင်္ဂနွေနေ့ (ဧပြီလ ၁၂ ရက်) မှာ အမိန့်ပေးလိုက်ပါတယ်။
ပါကစ္စတန်မှာ ပြုလုပ်ခဲ့တဲ့ မာရသွန်ညှိနှိုင်းဆွေးနွေးပွဲတွေဟာ အထိုက်အလျောက် အဆင်ပြေခဲ့ပြီး အချက်အလက် တော်တော်များများကို သဘောတူညီမှု ရခဲ့တယ်လို့ အသိအမှတ်ပြုပြောဆိုခဲ့ပေမဲ့၊ အီရန်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်အစီအစဉ်နဲ့ ပတ်သက်ပြီး အလျှော့ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ထရန့်က ပြောတာ ဖြစ်ပါတယ်။
"ချက်ချင်း အာဏာသက်ရောက်စေရမယ့်အမိန့်
... ကမ္ဘာ့အကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားထဲကို ဝင်ရောက်ဖို့ ဒါမှမဟုတ် ထွက်ခွာဖို့ ကြိုးပမ်းတဲ့ ဘယ်သင်္ဘောကိုမဆို ပိတ်ဆို့တဲ့ (BLOCKADING) လုပ်ငန်းစဉ်ကို စတင်တော့မှာ ဖြစ်တယ်" လို့ ထရန့်က သူရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
"ငါတို့ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ သွားလာနေတဲ့ သင်္ဘောတွေကိုဖြစ်စေ ပစ်ခတ်တဲ့ ဘယ်အီရန်နိုင်ငံသားမဆို ငရဲပြည်ဆီကို လွင့်သွားစေရမယ် (BLOWN TO HELL!)" လို့ သူကဆိုပါတယ်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ဟာ အီရန်ပါလီမန် ဥက္ကဋ္ဌ မိုဟာမက်ဘာဂါဂါလီဘတ် (Mohammad Bagher Ghalibaf) ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီသီတင်းပတ်ကုန်က ဆွေးနွေးခဲ့ပြီးနောက် ဘာသဘောတူညီချက်မှ မရဘဲ ပါကစ္စတန်ကနေ ထွက်ခွာခဲ့ရပါတယ်။
ဒါဟာ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း နှစ်နိုင်ငံအကြား အဆင့်မြင့်ဆုံး တွေ့ဆုံဆွေးနွေးလည်း ဖြစ်ပါတယ်။
အီရန်ကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီ (Abbas Araghchi) လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
Truth Social ပေါ်က ရှည်လျားတဲ့ ပို့စ်နှစ်ခုမှာတော့ ထရန့်က အီရန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာ့ရေနံစိမ်း ငါးပုံတစ်ပုံ ဖြတ်သန်းသွားလာရာ မဟာဗျူဟာမြောက် ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ ကတိပေးပြီးမှ သိသိကြီးနဲ့တမင်ပျက်ကွက်ခဲ့တာလို့ အီရန်ကို ပြောသွားတာ ဖြစ်ပါတယ်။
"သူတို့ (အီရန်) က ရေထဲမှာ မိုင်းတွေ ထောင်ထားတယ်လို့ ပြောနေကြတာပဲ။ တကယ်တော့ သူတို့ရဲ့ ရေတပ်နဲ့ မိုင်းထောင်တဲ့ သင်္ဘောအများစုကတော့ အကုန်အမှုန့်ဖြစ်သွားပါပြီ။ သူတို့ တကယ်ပဲ မိုင်းထောင်ထားတာမျိုး ရှိနိုင်ပေမဲ့ ဘယ်သင်္ဘောပိုင်ရှင်ကများ အဲဒီလိုအန္တရာယ်မျိုးကို စွန့်စားချင်မှာလဲ" လို့ ထရန်က ဆိုသွားပါတယ်။
မနေ့က စနေနေ့မှာ အမေရိကန် စစ်သင်္ဘော နှစ်စင်းဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ပြီး ရေအောက်မိုင်းရှင်းလင်းရေး စစ်ဆင်ရေး (Mine clearance operation) ကို စတင်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
ဒီမိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ဟာရေလက်ကြားအတွင်း နိုင်ငံတကာသင်္ဘောတွေ ဘေးကင်းစွာ ပြန်လည်သွားလာနိုင်ရေးနဲ့ ကမ္ဘာ့စွမ်းအင်လိုအပ်ချက် လုံလောက်စွာရရှိရေးအတွက် အလွန်အရေးပါတဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။
သင်္ဘောပိုင်ရှင်များနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းရှင်တွေကလည်း ရေလက်ကြား ပြန်လည် ပွင့်လင်းလာမယ့် အခြေအနေကို စောင့်နေကြတာ ဖြစ်ပါတယ်။


0 Comments