ရပ်ကွက်ထဲမှာ လူမိုက်နှစ်ယောက်အော်ကြီးဟစ်ကျယ်ရန်ဖြစ်ပြီဆိုရင် ဆွဲရလွဲရခက်ပါတယ်။
နှစ်ဘက်စလုံးက ငါကွ ငါမမှားဘူး၊ ငါကနိုင်နေတာ၊ မင်းတို့သာမဆွဲရင် ငါကဘယ်လိုချတော့မှာဆိုပြီး အပေါ်စီးကနေ ပြောလေ့ရှိပါတယ်။
အစကတည်းက နှစ်ဘက်စလုံးက အကျယ်အကျယ်မငြိမ်းဖွယ်တွေ မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်အားနည်းချက်ကိုဖုံးပြီး အပေါ်စီးကနေချည်း လှိမ့်အော်နေကြတာပါ။
ကဲ ဒီမနက်ကြားရတဲ့ သတင်းကို ဆက်ရေးပါမယ် ...
အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာသင်္ဘောတွေ ဘေးကင်းစွာနဲ့ဖြတ်သန်းနိုင်ဖို့ နှစ်ပတ်ကြာ ဖွင့်ပေးမှာ ဖြစ်သလို၊ အဲဒီကာလအတွင်းမှာ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို လာမယ့်သောကြာနေ့မှာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့မှာ စတင်မှာဖြစ်တယ်လို့ အီရန်ဘက်က ဒီနေ့ ဧပြီလ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က "နှစ်ပတ်ကြာ ကာလအတွင်းမှာ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ နည်းပညာဆိုင်ရာ ကန့်သတ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းခွင့် ပြုသွားမှာ ဖြစ်ပါတယ်" လို့ သူရဲ့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီကလည်း ဒီဆွေးနွေးပွဲဟာ နှစ်ပတ်ကြာမှာဖြစ်ပေမဲ့ နှစ်ဦးနှစ်ဖက် သဘောတူရင် သက်တမ်းတိုးနိုင်တယ်လို့ သီးခြားထုတ်ပြန်ခဲ့ပါတယ်။
အီရန်နိုင်ငံပိုင် သတင်းမီဒီယာတွေကတော့ ထရမ့်ဟာ အီရန်ရဲ့ စည်းကမ်းချက်တွေကို လက်ခံရလိုက်ပြီဖြစ်ကြောင်းနဲ့ ဒါဟာ အမေရိကန်သမ္မတအတွက် အရှက်ရစရာ နောက်ဆုတ်မှုဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ထရမ့်ရဲ့ ရုတ်တရက် လေသံပြောင်းသွားခြင်းဟာ "ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတစ်ခုလုံး ဒီည အဆုံးသတ်သွားလိမ့်မယ်" လို့ သူကိုယ်တိုင် သတိပေးခဲ့ပြီး နာရီပိုင်းအလိုမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
ထရမ့်က "ဒါဟာ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ စစ်ရေးရည်မှန်းချက်အားလုံးကို ပြည့်မီရုံတင်မကဘဲ ကျော်လွန်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သလို၊ အီရန်နဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက်လည်း အခိုင်အမာ သဘောတူညီချက်ရဖို့ အများကြီး နီးစပ်နေပြီ ဖြစ်လို့ပါ" လို့ သူရဲ့ Truth Social မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်အရာရှိတွေရဲ့ အဆိုအရ အစ္စရေးကလည်း ဒီနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူထားသလို အီရန်အပေါ် ဗုံးကြဲတာတွေကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။
အီရန်ဘက်က တင်ပြထားတဲ့ အချက် ၁၀ ချက်ပါ အဆိုပြုချက်ဟာ ဆွေးနွေးဖို့အတွက် "လက်တွေ့ကျတဲ့ အခြေခံ" ဖြစ်တယ်လို့ ထရမ့်က ပြောတယ်လို့ ဆိုပါတယ်။
အီရန်ဘက်က စစ်ပွဲအဆုံးသတ်ဖို့အတွက် အမေရိကန်အနေနဲ့ ရေလက်ကြားအပေါ် အီရန်ရဲ့ ထိန်းချုပ်မှုကို လက်ခံရမှာဖြစ်သလို၊ ယူရေနီယံ သန့်စင်မှု အစီအစဉ်ကို ခွင့်ပြုဖို့နဲ့ ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ပြောကြားချက်အရ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်နဲ့ ကာချုပ် အာဆင်မွန်နီတို့က အီရန်အပေါ် တိုက်ခိုက်မယ့် အစီအစဉ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုတာ ဖြစ်ပါတယ်။
ပါကစ္စတန်ဘက်ကလည်း လက်ဘနွန်အပါအဝင် တခြားဒေသတွေမှာပါ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရပြီလို့ အတည်ပြုခဲ့ပါတယ်။
ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်ဖ်က "နှစ်ဖက်စလုံးဟာ ထူးခြားတဲ့ အမျှော်အမြင်ရှိမှုကို ပြသခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်" လို့ ချီးကျူးခဲ့ပါတယ်။
၆ ပတ်ကြာ စစ်ပွဲအတွင်းမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အီရန်အရပ်သား ၁,၆၀၀ ကျော် ပါဝင်ပါတယ်။
(ဒါဟာ အီရန်တစ်နိုင်ငံတည်းမဟုတ်ဘဲ ပင်လယ်ငွေနိုင်ငံတွေနဲ့ အထူးသဖြင့် လက်ဘနွန်မှာ သေဆုံးခဲ့တဲ့ အရေအတွက်ကို ထည့်တွက်ထားတာ ဖြစ်ပါတယ်)
ထရမ့်က အပစ်အခတ်ရပ်စဲရေးအကြောင်းကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ အီရန်ဘက်က အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂျေရုဆလင်နဲ့ ဂျဲရိကိုမြို့တွေမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး အစ္စရေးစစ်တပ်က ဒုံးကျည်တွေကို ကြားဖြတ်ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေကိုလည်း ဗုံးခိုကျင်းတွေထဲမှာ ခိုလှုံနေကြဖို့ ညွှန်ကြားထားဖြစ်ပါတယ်။
လောလောဆယ် ဒီမနက်အာရှစတော့ဈေးကွက်တက်လာပြီး ရေနံဈေးက ဒေါ်လာ ၁၀၀ အောက်ကိုပြန်ကျသွားတာ ကောင်းတဲ့အလားအလာ ဖြစ်ပါတယ်။


0 Comments