တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdoğan) က အစ္စရေးနိုင်ငံက လက်ဘနွန်အပေါ် ဆက်တိုက်ဗုံးကြဲနေမှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံအတွင်းသို့ လိုအပ်ရင်ကျူးကျော်ဝင်ရောက်မယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တူရကီသမ္မတအာဒိုဂန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို "သွေးနဲ့ အမုန်းတရားတွေကြောင့် မျက်စိကန်းနေသူ" လို့ စွပ်စွဲခဲ့ပြီးအစ္စရေးကို ဝင်တိုက်ခိုက်ဖို့အတွက် "ဘာအကြောင်းပြချက်မှ ထူးထူးထွေထွေမလိုတော့ဘူး" လို့ ဆိုလိုက်ပါတယ်။
အာဒိုဂန်က "အမေရိကန်နဲ့ အီရန်အကြား စစ်ပွဲမှာ ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးမနေဘူးဆိုရင် ကျနော်တို့ အစ္စရေးကို သူ့နေရာသူ သိအောင် ပြလိုက်မှာပါ။ ကျနော်တို့ လစ်ဗျားနဲ့ ကာရာဘတ် (Karabakh) ထဲကို ဝင်ခဲ့သလိုမျိုး အစ္စရေးထဲကိုလည်း ဝင်နိုင်ပါတယ်။ ဒါကို မလုပ်နိုင်စရာ အကြောင်းပြချက် မရှိပါဘူး" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုလို တူရကီသမ္မတရဲ့ ခြိမ်းခြောက်မှုဟာ တူရကီအစိုးရရှေ့နေတွေက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အစ္စရေး ထိပ်တန်းအရာရှိ ၃၅ ဦးကို လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ Myo Tone Tတ်ဖြတ်ခြင်းနဲ့ နှိပ်စက်ညှဉ်းပန်းခြင်း စသည့် စွဲချက်တွေနဲ့ ထောင်ဒဏ် နှစ်ပေါင်း ၄,၅၀၀ ကျော် ချမှတ်ဖို့ တူရကီပြည်တွင်းမှာ တရားစွဲဆိုလိုက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဘက်ကလည်း တူရကီသမ္မတအာဒိုဂန်ဟာ "ကာ့ဒ် (Kurdish) တွေကို အစုလိုက်အပြုံလိုက် Tတ်ဖြတ်နေသူ" လို့ လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
တူရကီဟာ ဒေသအတွင်း ကာဒ်လူမျိုးတွေစုပြီး နိုင်ငံထူထောင်သွားမှာကြောက်ပြီး ကာဒ့်တွေအပေါ် နှိမ်ကွပ်မှုတွေ ကျူးလွန်ထားတာဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် နှစ်ဘက်စလုံးက သွေးစွန်းသော လက်တွေချည်းပါပဲ ...
အစ္စရေး ကာကွယ်ရေးဝန်ကြီးဖြစ်သူ အစ္စရေးကာ့ဇ် (Israel Katz) ကလည်း အာဒိုဂန်အနေနဲ့ ငြိမ်ငြိမ်နေသင့်ကြောင်း သတိပေးခဲ့ပါတယ်။
အရင်က တူရကီနဲ့ အစ္စရေးဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးကဏ္ဍတွေမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့်လည်း အစ္စရေး-ဟားမတ်စ် ပဋိပက္ခ စတင်ကတည်းက နှစ်နိုင်ငံဆက်ဆံရေးဟာ အချိန်တိုအတွင်း ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။
တူရကီက အစ္စရေးအပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို ၂၀၂၄ ခုနှစ် မေလကတည်းက စတင် ကျင့်သုံးခဲ့ပါတယ်။
လတ်တလော တင်းမာမှုဆက်ဖြစ်တာကတော့ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် အစ္စရေးက လက်ဘနွန်ကို အကြီးအကျယ် ဗုံးကြဲရာကနေ အာဒိုဂန်က ဒေါ်နယ်ထရမ့်ကို သတိပေးခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။
အာဒိုဂန်က အီရန်နဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို မည်သည့်အခြေအနေမျိုးတွင်မှ ပျက်ပြားအောင် မလုပ်ရန် အမေရိကန်သမ္မတကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် တူရကီရဲ့စစ်ရေးအင်အားနဲ့ ဒေသတွင်း သြဇာအာဏာက အရမ်းကြီးမားပါတယ်။
တူရကီသည် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများထဲမှာ အမေရိကန်ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာလည်း လစ်ဗျားနဲ့ အဇာဘိုင်ဂျန်ရှိ ကာရာဘတ်ဒေသများမှာ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို လုပ်ခဲ့တဲ့ သာဓကတွေ ရှိထားတာ ဖြစ်ပါတယ်။
ယခုအခါ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကလည်း နေတန်ယာဟုအပေါ် ဖမ်းဝရမ်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အစ္စရေးကလည်း လက်ဘနွန်မှာ လက်လွန်ခြေလွန်လုပ်တာမှ ဖခင်ရဲ့ဈာပနကိုလိုက်ပို့ရဲ့ လူမမယ်သမီးငယ် သေဆုံးရတဲ့အထိ လုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေကိုသုံးသပ်ရရင် အခုပင်လယ်ကွေ့စစ်ပွဲမှာ တူရကီဝင်ပါလာရင် ဒါဟာ စစ်ပွဲထပ်ကျယ်ပြန့်သွားပြီး အစ္စရေးအတွက် အတော့်ကို အကျပ်ရိုက်သွားမယ့်အနေအထား ရောက်သွားမှာဖြစ်ပါတယ်။
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်လာရာကနေ တူရကီနဲ့ အစ္စရေးစစ်ထဖြစ်ရင် နေတိုးမဟာမိတ်တွေ အထူးသဖြင့် အမေရိကန်အနေနဲ့ ဘယ်ဘက်ကပါမလဲဆိုတာ စိတ်ဝင်စားစရာပါ။
တူရကီနဲ့ အစ္စရေးစစ်ထဖြစ်ရင် ကမ္ဘာ့စီးပွားရေးပျက်ကပ်က တကယ်ဆိုက်သွားနိုင်ပါတယ်။


0 Comments