ငယ်ငယ်က တံခါးဖွင့်ပါဖွင့်ပါလို့ အိမ်အပြင်ကအော်တာကို အထဲကနေ အိမ်တံခါးဂျက်ကို ညီအကိုမောင်နှမတစ်ယောက်ယောက်က မဖွင့်ပေးရင် ... အပြင်က တံခါးတစ်ထပ် သို့မဟုတ် ခြံတံခါးထပ်ပိတ်ထားပြီးတော့ ... အေး ... အိမ်တံခါး မဖွင့်ရင် နင်လည်းမထွက်နဲ့ဆိုပြီး အပြင်ကပြန်အော်တာ ကြုံရင် ကြုံဖူးမှာပါ။
တကယ်တော့ ထရမ့်ကိုယ်တိုင်က သူဖွင့်စေချင်နေတဲ့ ရေလက်ကြားကို ထပ်ပိတ်ဆို့မယ်ဆိုတော့ နည်းနည်းတော့ ထူးသလိုဖြစ်နေမှာပါ။
အမေရိကန်စစ်တပ်က အီရန် ဆိပ်ကမ်းတွေထဲကို အဝင်အထွက်လုပ်မယ့် သင်္ဘောတွေကို ပိတ်ဆို့တော့မယ်လို့ ကြေညာလိုက်ပါတယ်။
ဒါဟာ တစ်နေ့ကို အီရန်ရဲ့ရေနံစည်ပေါင်း (၂) သန်းလောက်ကို ကမ္ဘာ့ဈေးကွက်ထဲ မရောက်အောင် တားဆီးလိုက်တာ ဖြစ်ပါတယ်။
ဒီပိတ်ဆို့မှုဟာ ဒီနေ့ တနင်္လာနေ့ (ဧပြီလ ၁၃ ရက်နေ့) စင်ကာပူစံတော်ချိန် ည (၁၀) နာရီကစပြီး အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်လိုက်ရင် ကမ္ဘာ့ရေနံကုန်သွယ်မှုက ပိုပြီး ကျပ်တည်းသွားနိုင်ပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ လုပ်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဘာသဘောတူညီချက်မှ မရဘဲ ပြီးသွားခဲ့ပါတယ်။
အဲ့ဒီနောက်မှာ ထရမ့်က "ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ထဲကို အဝင်အထွက် လုပ်သမျှ သင်္ဘောမှန်သမျှကို အမေရိကန် ရေတပ်က စတင် ပိတ်ဆို့တော့မယ်"လို့ ပြောလိုက်တာပါ။
ဒါပေမဲ့ အမေရိကန် စစ်ဌာနချုပ် (Central Command) က သမ္မတအမိန့်က ဘယ်လိုအကျိုးသက်ရောက်မှာလဲဆိုတာကို ပြန်ရှင်းပြထားတာ ရှိပါတယ်။
ဒီပိတ်ဆို့မှုက အီရန်ဆိပ်ကမ်းတွေကို သွားမယ့် ဒါမှမဟုတ် အီရန်ကနေ ထွက်လာမယ့် #အီရန်ကိုအဝင်အထွက်သင်္ဘောတွေကိုပဲ ပိတ်ဆို့မှာပါ။
အီရန်ကိုမဟုတ်ဘဲ တခြားနိုင်ငံကဆိပ်ကမ်းတွေကို သွားမယ့် သင်္ဘောတွေကိုတော့ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးမယ်လို့ ဆိုပါတယ်။
အီရန်က သူ့နဲ့မပြေလည်တဲ့နိုင်ငံအဝင်အထွက် သင်္ဘောတွေကို ပေးမသွားလို့ အမေရိကန်က ကျန်တာကိုပေးသွားမယ်၊ အီရန်နဲ့ ပတ်သက်ရင် ပေးမသွားဘူးလို့ ပြန်လုပ်တာပါ။
အဓိကကတော့ တရုတ်ဝယ်ရတာ ခက်သွားမှာပေါ့။ဒီအပေါ်မှာ အီရန်ဘက်ကလည်း ပြန်တုံ့ပြန်ပါတယ်။
အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က "ဒီရေလက်ကြားနားကို ကပ်လာတဲ့ ဘယ်စစ်သင်္ဘောကိုမဆို အပစ်အခတ်ရပ်စဲရေး ချိုးဖောက်တယ်လို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်"လို့ သတိပေးထားပါတယ်။
#ရေနံဈေးကွက်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်မလဲ?
အီရန်ရဲ့ ရေနံတွေကို ပိတ်လိုက်တယ်ဆိုတာ ကမ္ဘာ့ရေနံဈေးကွက်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်လိုက်တာပါပဲ။
ပြီးခဲ့တဲ့ မတ်လက အီရန်ဟာ တစ်နေ့ကို ရေနံစည် (၁.၈၄) သန်း တင်ပို့ခဲ့ပါတယ်။
အခု ဧပြီလထဲမှာ တစ်နေ့ကို (၁.၇၁) သန်းလောက် ပို့နေပါတယ်။ (၂၀၂၅ ခုနှစ် ပျမ်းမျှထက်တောင် ပိုများနေတာပါ)။
စစ်မဖြစ်ခင် (ဖေဖော်ဝါရီ ၂၈ မတိုင်ခင်) ထဲက အီရန်က ရေနံတွေ အများကြီး ထုတ်ထားတော့ အခုဆိုရင် ပင်လယ်ပြင်ထဲက သင်္ဘောတွေပေါ်မှာတင် ရေနံစည်ပေါင်း သန်း (၁၈၀) ကျော်က အဆင်သင့် ရှိနေတာပါ။
အရင်ကတော့ အီရန်ရေနံကို တရုတ်က အဓိကဝယ်ယူတာပါ။ဒါပေမဲ့ ပြီးခဲ့တဲ့လက အမေရိကန်က ပိတ်ဆို့မှုတချို့ကို လျှော့ပေါ့ပေးလိုက်လို့ အခုဆို အိန္ဒိယလို နိုင်ငံတွေတောင် ဝယ်လို့ရနေပါပြီ။
တကယ်တော့ ဒီအပတ်ထဲမှာပဲ အိန္ဒိယဟာ (၇) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ဆီက ရေနံတွေကို လက်ခံရရှိဖို့ ရှိနေတာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရရင် ထရမ့်က အီရန်ကို စီးပွားရေးအရအကျပ်ရိုက်အောင် ရေလမ်းကြောင်းကို ပြန်ပိတ်ဆို့ပြီး ဖိအားပေးနေတာပါ။
ဒါပေမဲ့ တစ်ဖက်မှာလည်း အီရန်က အတွင်းကပြန်ထပ်ပိတ်ရင် ကမ္ဘာ့ရေနံလမ်းကြောင်းကြီးဟာ သူပိတ်ကိုယ်ပိတ် နှစ်ထပ်ပိတ်ဆို့သလို ပိတ်သွားနိုင်တဲ့အတွက် ဒီပွဲက တော်တော်လေး စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။


0 Comments