၁၉၇၂ မှာ လူသားတွေဟာ လကမ္ဘာစူးစမ်းလေ့လာရေးကို Apollo 17 နဲ့ အဆုံးသတ်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
မကြာသေးခင်ကာလကပဲ တရုတ်၊ ရုရှား၊ အိန္ဒိယတို့ကစလို့ တောင်ကိုရီးယား ယူအေအီးနိုင်ငံတို့အထိ လကမ္ဘာစူးစမ်းလေ့လာရေးကို အားစိုက်လုပ်လာကြတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံဆိုရင် လကမ္ဘာပေါ်မှာ အခြေချစခန်းဆောက်နိုင်ရေးအတွက် နယ်မြေပိုင်နက်အသစ်ရှာသလို အပြင်းအထန်ကြိုးစားလာတာကို တွေ့ရပါတယ်။
အဲ့ဒီအချိန်မှာပဲ အမေရိကန်အာကာသအေဂျင်စီ နာဆာကနေ စေလွှတ်လိုက်တဲ့ Artemis II မစ်ရှင်မှာ အာကာသယာဉ်မှူး ၄ ယောက်ဟာ Orion အာကာသယာဉ်နဲ့ လကမ္ဘာဆီကို စူးစမ်းလေ့လာရေးခရီး ထွက်ခွာသွားပါတော့တယ်။
ဒီခရီးဟာ ကမ္ဘာမြေပြင်ရဲ့ အပြင်ဘက်မှာ လူသားတွေ နေထိုင်အလုပ်လုပ်ကိုင်မယ့် အနာဂတ်ဆီကို လှမ်းလိုက်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်လွှတ်တင်ခဲ့တဲ့ Artemis II ဟာ Apollo ခေတ်နောက်ပိုင်းမှာ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ရဲ့ အပြင်ဘက်ကို ပထမဆုံးအကြိမ်အဖြစ် ထွက်ခွာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အရင်မစ်ရှင်တွေနဲ့မတူတာကတော့ ဒီခရီးစဉ်ဟာ အလံစိုက်ထူဖို့ ဒါမှမဟုတ် ခေတ္တခဏ သွားရောက်လည်ပတ်ဖို့ မဟုတ်ပါဘူး။
အာကာသအနက်ပိုင်းမှာ ရေရှည်စူးစမ်းလေ့လာနိုင်ဖို့ လိုအပ်တဲ့ စနစ်တွေ၊ နည်းပညာတွေနဲ့ လူသားတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်ဖို့ဖြစ်ပြီး၊ နောက်ဆုံးမှာတော့ အင်္ဂါဂြိုဟ် (Mars) ဆီ သွားနိုင်ဖို့အတွက် ပြင်ဆင်တာပဲ ဖြစ်ပါတယ်။
Artemis II ကို NASA ရဲ့ Space Launch System (SLS) လို့ခေါ်တဲ့ သမိုင်းမှာ အကောင်းဆုံး ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
Apollo ခေတ်က Saturn V ဒုံးပျံတွေထက် ပိုမိုပြင်းထန်တဲ့ တွန်းကန်အားကို ထုတ်ပေးနိုင်တဲ့ SLS ဟာ Orion အာကာသယာဉ်ကို အင်မတန်မြန်တဲ့ အရှိန်နှုန်းနဲ့ အာကာသထဲကို ပို့ဆောင်ပေးခဲ့ပြီး လကမ္ဘာဆီကို တိကျတဲ့ လမ်းကြောင်းအတိုင်း ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ လပေါ်ကို ဆင်းသက်ဖို့ မဟုတ်ဘဲ လကမ္ဘာရဲ့ မျက်နှာပြင်ကနေ ၆,၅၀၀ ကီလိုမီတာလောက်အကွာကနေ ပျံသန်းဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ လရဲ့ ဆွဲငင်အားနဲ့အတူ ပတ်ချာလည်လှည့်ပတ်ပြီး ကမ္ဘာမြေပြင်ဘက်ဆီကို ပြန်လည်ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။
ဒီလို "Free-return trajectory" လို့ခေါ်တဲ့ လမ်းကြောင်းလှည့်ခြင်းဟာ အရေးကြီးတဲ့ ပျံသန်းရေးစနစ်တစ်ခုဖြစ်ပြီး၊ အကယ်၍ တခုခုချို့ယွင်းသွားခဲ့ရင်တောင် အာကာသယာဉ်ဟာ ကမ္ဘာမြေဆီကို အလိုအလျောက် ပြန်ရောက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမစ်ရှင်ဟာ ကမ္ဘာကနေ အဝေးဆုံး ကီလိုမီတာ ၄ သိန်းကျော်အထိ ရောက်ရှိခဲ့တာကြောင့် Apollo 13 တင်ထားတဲ့ စံချိန်ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် Artemis II အဖွဲ့သားတွေဟာ သမိုင်းတစ်လျှောက်မှာ ကမ္ဘာကနေ အဝေးဆုံးကို ရောက်ရှိခဲ့တဲ့ လူသားတွေ ဖြစ်လာခဲ့မှာ ဖြစ်ပါတယ်။
Orion အာကာသယာဉ်ပေါ်မှာ Reid Wiseman၊ Victor Glover၊ Christina Koch နဲ့ Jeremy Hansen ဆိုတဲ့ အာကာသယာဉ်မှူး လေးယောက် ပါဝင်ပါတယ်။
သူတို့ရဲ့ မစ်ရှင်ဟာ သမိုင်းဝင် သွားမှာဖြစ်ပါတယ်။
Christina Koch ဟာ အာကာသအနက်ပိုင်းထဲကို ပထမဆုံး သွားနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်လာပြီး၊ Victor Glover ကတော့ လကမ္ဘာအကွာအဝေးအထိ ရောက်ရှိခဲ့တဲ့ ပထမဆုံး လူမည်းအာကာသယာဉ်မှူး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Jeremy Hansen ကတော့ လကမ္ဘာမစ်ရှင်မှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး အမေရိကန်နိုင်ငံသား မဟုတ်သူ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီမစ်ရှင်ရဲ့ အရေးအပါဆုံးအခိုက်အတန့်တစ်ခုကတော့ Orion အာကာသယာဉ်ဟာ လရဲ့ နောက်ကျောဘက်ကို ရောက်သွားတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ မိနစ် ၄၀ လောက်ကြာအောင် ကမ္ဘာမြေနဲ့ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ဆက်သွယ်ရေး ပြတ်တောက်သွားတာဟာ လက ကမ္ဘာမြေပြင်ဆီက ပို့လွှတ်နေတဲ့ ရေဒီယိုလှိုင်းတွေကို ကာထားသလိုဖြစ်သွားလို့ ဖြစ်ပေမဲ့၊ ဒါဟာ အနာဂတ် အာကာသခရီးသွားလာရေးအတွက် ကြိုတင်စမ်းသပ်တစ်ခုလည်း ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ဆီ သွားမယ့် မစ်ရှင်တွေမှာဆိုရင် ဆက်သွယ်ရေးဟာ တစ်ဖက်ကို မိနစ် ၂၀ လောက်အထိ ကြန့်ကြာနိုင်တာကြောင့် အာကာသယာဉ်မှူးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ပိုမို ဆုံးဖြတ်ချက်ချနိုင်ဖို့ လိုအပ်တဲ့ အခြေအနေကို Artemis II က ပထမဆုံး စမ်းသပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ အာကာသယာဉ်မှူးတွေဟာ သမိုင်းမှာ လူသားအနည်းငယ်သာ မြင်ဖူးတဲ့ မြင်ကွင်းတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အာကာသထဲကနေ ကြည့်လိုက်တဲ့အခါ ကမ္ဘာမြေကြီးဟာ မှောင်မည်းနေတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ တောက်ပနေတဲ့ စက်လုံးလေးတစ်ခုအဖြစ် မြင်တွေ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် လရဲ့ ကျောက်ဆောင်ထူထပ်ပြီး ချိုင့်ခွက်တွေပေါတဲ့ နောက်ကျောဘက် မျက်နှာပြင်ကိုလည်း လေ့လာနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
လဟာ အာကာသယာဉ်နဲ့ နေကြားထဲကို တည့်တည့်ရောက်သွားတဲ့ နေကြတ်မှု မြင်ကွင်းကိုလည်း အာကာသထဲကနေ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
စူးစမ်းလေ့လာတာအပြင် Artemis II ဟာ အဆင့်မြင့် "organ-on-a-chip" နည်းပညာအပါအဝင် အရေးကြီးတဲ့ သိပ္ပံစမ်းသပ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ လူသားဆဲလ်တွေ ပါဝင်တဲ့ သေးငယ်တဲ့ ကိရိယာလေးတွေဖြစ်ပြီး အာကာသထဲက ရောင်ခြည်သင့်မှုတွေဟာ လူ့ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို လေ့လာဖို့ ဖြစ်ပါတယ်။
အခုသူတို့ရောက်ရှိခဲ့တဲ့နေရာဟာ ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ အကာအကွယ်မရှိတဲ့ နေရာဖြစ်တာကြောင့် အဲ့ဒီနေရာမှာ အာကာသယာဉ်မှူးတွေဟာ စကြဝဠာထဲကလာတဲ့ စွမ်းအင်မြင့်ရောင်ခြည်တွေနဲ့ ပိုမိုထိတွေ့ရတာကြောင့်၊ အင်္ဂါဂြိုဟ်ဆီ သွားမယ့် ရေရှည်ခရီးစဉ်တွေ မတိုင်ခင်မှာ ဒီလိုထိတွေ့မှုအကြောင်းကို နားလည်ဖို့က အင်မတန် အရေးကြီးတာ ဖြစ်ပါတယ်။
Artemis II မစ်ရှင်အပြီးမှာတော့ Orion အာကသယာဉ်ဟာ အန္တရာယ်အရှိဆုံး အဆင့်ဖြစ်တဲ့ ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်ခြင်း (Re-entry) ကို ဖြတ်ကျော်ရတာ ဖြစ်ပါတယ်။
တစ်နာရီကို ကီလိုမီတာ ၄၀,၀၀၀ နီးပါး အရှိန်နှုန်းနဲ့ ကမ္ဘာ့လေထုကို ထိတွေ့တဲ့အခါ ပြင်းထန်တဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီပွတ်တိုက်မှုကြောင့် အပူချိန်ဟာ ၂,၈၀၀ ဒီဂရီဆဲလ်စီးယပ်စ်နီးပါးအထိ မြင့်တက်လာပြီး ယာဉ်ရဲ့ ပတ်ပတ်လည်မှာ ပလက်စမာအလွှာတစ်ခု ဖြစ်ပေါ်လာတာကြောင့် ကမ္ဘာမြေနဲ့ ဆက်သွယ်ရေး ခေတ္တပြတ်တောက်သွားမှာ ဖြစ်ပါတယ်။
Orion ရဲ့ အပူခံဒိုင်းလွှာဟာ ဒီလိုပြင်းထန်တဲ့ အပူချိန်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
NASA ဟာ အာကသယာဉ်ရဲ့ အရှိန်ကိုလျှော့ချဖို့ လေထုထဲကို တစ်ချက်ဝင်၊ တစ်ချက်ပြန်ထွက်တဲ့ "Skip re-entry" နည်းပညာကိုလည်း စမ်းသပ်နေတာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ပစိဖိတ်သမုဒ္ဒရာထဲကို ဘေးကင်းစွာ ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။
အာကာသထဲက ခရီးစဉ်နဲ့ ပြင်းထန်တဲ့ အပူဒဏ်တွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာ့ဆွဲငင်အားနဲ့ ပြန်လည်အသားကျဖို့ နောက်ဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဆွဲငင်အားမဲ့တဲ့ နေရာမှာ ရက်အတော်ကြာ နေခဲ့ရတာကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ အားနည်းသွားတာ၊ ဟန်ချက်ပျက်တာနဲ့ သွေးလှည့်ပတ်မှု ပြောင်းလဲတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကမ္ဘာမြေပေါ်ဆင်းသက်ပြီးပြီးချင်းမှာ မူးဝေတာနဲ့ လမ်းလျှောက်ရခက်ခဲတာတွေ ဖြစ်နိုင်တာ ဖြစ်ပါတယ်။
Artemis II ဟာ နောက်အနာဂတ်မှာလာမယ့် ပိုမိုကြီးမားတဲ့ စီမံကိန်းရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီမစ်ရှင် အောင်မြင်တာဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လပေါ်ကို လူသားတွေ တစ်ကျော့ပြန် ခြေချနိုင်မယ့် Artemis III အတွက် လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်နဲ့မဟာမိတ်တွေဟာ လပေါ်မှာ အခြေစိုက်စခန်းတွေ တည်ဆောက်ပြီး လူသားတွေ ရေရှည်နေထိုင်နိုင်ဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။
လပေါ်မှာရှိတဲ့ ရေခဲတွေကို လောင်စာ၊ အောက်ဆီဂျင်နဲ့ သောက်သုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။
ဟိုးစစ်အေးခေတ်ကာလမှာ နိုင်ငံရေးအရ အပြိုင်အဆိုင် လုပ်ခဲ့တဲ့ Apollo မစ်ရှင်တွေနဲ့မတူဘဲ Artemis မစ်ရှင်တွေဟာ ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံထားပါတယ်။
နိဂုံးချုပ်ပြောရရင် Artemis II ဟာ လူသားတွေ ကမ္ဘာ့ပြင်ပကို သွားနိုင်သလားဆိုတဲ့ မေးခွန်းထက်၊ ကျနော်တို့ ဘယ်လောက်အထိ ဝေးဝေးသွားဖို့ အသင့်ဖြစ်နေပြီလဲဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
"လူသားမျိုးနွယ်ဟာ အာကာသကို စူးစမ်းနေရုံတင် မဟုတ်တော့ပါဘူး။ မကြာခင်မဝေးတော့တဲ့ကာလမှာ အာကာသထဲမှာ နေထိုင်ဖို့အတွက် ပြင်ဆင်နေပြီဆိုတာ အားလုံးသိအောင် တင်ပြပေးလိုက်ပါတယ်"














0 Comments